.
.
အမြင့်ကြောက်သော ငှက်
.
.
.
.
မနက် နှစ်ယောက်သားတွေ့ကြတော့ နတ်ပေစိက ညကကိစ္စကို ဘယ်လိုသိနေသည် မသိ၊ ရဲရင့်သူအား အကြိုးအကြောင်း မေးမြန်းလေသည်။ ရဲရင့်သူလည်း မညာချင်၍ အမှန်အတိုင်းသာ ပြောပြလိုက်လေ၏။
ထိုအခါ နတ်ပေစိက လွန်စွာစိုးရိမ်ဟန်ဖြင့်. .. နတ်ကြီးသိုက်ထွန်းနှင့် ထိပ်တိုက်တွေ့ဆုံလာရသည်မှာ အကျိုးဆက်မကောင်းနိုင်ကြောင်း၊ ၎င်း၏ကုသိုလ်ကံအဟုန်ဖြင့် သိကြားမင်းအပ်နှင်းထားခြင်းခံရသော ဘွဲ့ဖြူလက်နက်ဆိုသည်မှာလည်း အင်မတန် စွမ်းအားကြီးမားကြောင်း၊ အာဠာဝက ဘီလူးမင်းကိုင်ဆွဲသော လက်နက်နှင့် သဏ္ဍာန်တူကြောင်း၊ ထိုလက်နက်ဖြင့် တိုက်ခိုက်ခံရပါက နတ်ကြီးတင်ရှိန် ပုပ္ပါးမယ်တော် စသူတို့ပင် ခံနိုင်မည်မဟုတ်ကြောင်း၊ ထို့အပြင် ယခုကိစ္စ၌ မိမိနှင့် နတ်ကြီးတင်ရှိန်တို့က စည်းမျဉ်းစည်းကမ်းကိုကျော်လွန်ပြီး မိုးစက်ဝေကို နားလည်မှုဖြင့် လွှတ်ပေးထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ တကယ်တမ်း တရားတဘောင်ရင်ဆိုင်ကြရလျှင် နတ်ကြီးသိုက်ထွန်းဘက်မှလည်း ပြောအား မလျော့ကြောင်း၊ တစ်ခုခံသာသည်မှာ နတ်ကြီးသိုက်ထွန်းကလည်း မိုးစက်ဝေကို မဟုတ်မမှန်ပြုကျင့်လိုသော စိတ်ရှိနေသဖြင့် လောလောလတ်လတ်တွင် စည်းမျဉ်းအပြင်ဘက်မှ သွားနေသေးကြောင်း၊ သို့သော် ယုတ်မာသူပီပီ မိုးစက်ဝေကိစ္စကိုအခွင့်ကောင်းယူကာ အချိန်မရွေး ဒုက္ခပေးလာနိုင်ကြောင်း. .. စသဖြင့် ငြီးငြီးငြူငြူဖြင့် ရဲရင့်သူအား သတိပေးစကားပြောကြားရှာလေသည်။
နတ်ကြီးသိုက်ထွန်း၏ရန်အား မစိုးရိမ်လှသော်လည်း မိမိအတွက်ဖြင့် နတ်ပေစိတို့ စိတ်လက်ပူပန်နေရခြင်းအတွက် ရဲရင့်သူ စိတ်မကောင်းဖြစ်ရလေသည်။ သို့အတွက် ရှေ့ဆက် ဘာလုပ်ရမည်ကို စဉ်းစားလိုက်လေရာ. .. မိမိ၏ ရုပ်ခန္ဓာကိုယ်ကြီး မည်သို့မည်ပုံဖြစ်နေသည်ကို သွားရောက်ကြည့်ရှုရင်း နတ်ကြီးသိုက်ထွန်း၏ရန်မှ ခေတ္တရှောင်လွှဲနေဖို့ရာ အကြံဖြစ်မိလေ၏။ ထိုသို့ ရန်ရှောင်သွားချိန် မိုးစက်ဝေကိုလည်း ရွာ၌မထားရစ်ခဲ့လို။ သူမကို ခေါ်ဆောင်လို့ရပါက မိမိနှင့်အတူ တပါတည်းခေါ်ဆောင်သွားလိုလှပေသည်။
၎င်းအကြံကို နတ်ပေစိအားပြောပြလိုက်လေရာ နတ်ပေစိကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် အောက်ပါအတိုင်း ထောက်ခံစကားဆိုလေ၏။
" ကောင်းလိုက်တဲ့အကြံ ဆြာလေးရာ. . . နတ်ကြီးသိုက်ထွန်းရဲ့ရန်ကိုလည်း ရှောင်ပြီးသားဖြစ်၊ အချိန်ကြာကြာဝေးကွာနေတဲ့ ဆြာလေးရဲ့ ရုပ်ခန္ဓာကြီးရဲ့ အခြေအနေကိုလည်း သွားကြည့်ပြီးသားဖြစ်ပေါ့။ ပြီးတော့ မိုးစက်ဝေကိုလည်း ခေါ်လို့ရမှာပါ။ ကျုပ်နဲ့ နတ်ကြီးဦးတင်ရှိန်က မိုးစက်ဝေအတွက်ကို ဒီရွာကနတ်ပြိတ္တာဖြစ်ကြောင်း၊ ခေတ္တခရီးသွားခွင့်ပြုထားကြောင်း စသဖြင့် ထောက်ခံစာရေးပေးလိုက်မယ်။ ရောက်တဲ့နယ်က နယ်ပိုင်နတ်ကို အဲ့စာသာပြလိုက် အားလုံးအိုကေပဲ။ ဆြာလေးနဲ့အတူ ခရီးလိုက်ထွက်ရတော့ သူလည်း စိတ်ပြေလက်ပျောက်ဖြစ်တာပေါ့လေ. .. "
စိတ်ပြေလက်ပျောက် ဟူသည့်စကားလုံးအား ကြားလိုက်ရသောအခါမှ ရဲရင့်သူ၏ ခေါင်းထဲတွင် မိုးစက်ဝေနှင့် ဆိုင်ကယ်သမား biker များကြားရှိ အကြိတ်အခဲအကြောင်းကို သတိရမိသွားပြန်သည်။ အနှီသူငယ်မသည် မနက်စောစောထ ဘုရားပန်းကောက်ချိန်၌ ဆိုင်ကယ်တစ်စီးဖြင့်တိုက်ကာ ဤဘဝရောက်ခဲ့ရပြီး ဆိုင်ကယ်သမားများကို စိတ်ခုလျှက် အခဲမကြေနိုင်ဖြစ်နေသူတစ်ဦး မဟုတ်ပါလား။
ထိုအဖြစ်အပျက်ကို ရဲရင့်သူ သိပြီးဖြစ်သည်။ သို့သော် သူမအားတိုက်မိခဲ့သည့် ဆိုင်ကယ်သမား မည်သူမည်ဝါဖြစ်ကြောင်း၊ သေလား ရှင်လား၊ လူဆိုးလား လူကောင်းလား စသဖြင့် ရဲရင့်သူ မေလည်းမမေးမြန်းဖူး၊ သိလည်းမသိ။ ထို့ကြောင့် နတ်ပေစိအား ထိုသူ့အကြောင်းကို မေးမြန်းစပ်စုလိုက်လေ၏။
နတ်ပေစိလည်း ရဲရင့်သူ၏ အမေးကြောင့် ခေါင်းကိုကုတ်ကာ တွေဝေသွားလေသည်။ ခေတ္တာကြသောအခါမှ စဉ်းစားလို့ရဟန်ဖြင့်
" အေးဗျ. . အခင်းဖြစ်တဲ့မနက်က ကျုပ်တို့ကလည်း မိုးစက်ဝေကိုပဲ ဂရုစိုက်နေကြတာ၊ ဆိုင်ကယ်သမားကို ချက်ခြင်းသတိမထားမိလိုက်ဘူး။ သတိထားမိတဲ့အချိန်မှာ ညောင်ဦးက အရေးပေါ်ကားရောက်လာပြီး သူ့ကိုကားပေါ်တင်နေကြပြီ။ ပုဂံဆိုင်ကယ်ပွဲက သူ့ဘော်ဒါတွေဆိုလား လူနှစ်ယောက်လောက်လည်း ပါလာကြလေရဲ့။
ဆြာသမားက သေတော့မသေဘူးဗျ။ ခြေထောက်တော့ အတော်ထိသွားပုံပဲ။ လူဟန်ခပ်သေးသေး၊ အသားညိုညို၊ မေးရိုးခိုင်ခိုင်၊ ဗိုလ်ကေနဲ့။ အောင်လံမြို့ ကတဲ့။ နာမည်က သက်ဦးမောင် ဆိုလား "
ဟု ဆိုင်ကယ်သမားအကြောင်းကို ရဲရင့်သူအား ၎င်းသိသမျှ ဖြေကြားရှာလေ၏။
.
.
" ဟင်. . အောင်လံက ကိုသက် ဦးမောင်. .. ဟုတ်လား "
ရဲ့ရင့်သူ အံ့သြတကြီး ရေရွတ်လိုက်မိလေသည်။ ထို့နောက်
" အင်း. . ဟုတ်ပြီ၊ ဟုတ်ပြီ။ ကိုသက်ဦးမောင် အညာမှာ ဆိုင်ကယ်မှောက်ပြီး ခြေထောက်ကြေသွားတယ်ဆိုတာ ဒီကိစ္စကိုး၊ ရပြီ ရပြီ မိုးစက်ဝေကို တရားချလို့ရပြီ. . "
ဟု တွေးတွေးဆဆ ဆက်လက်ရေရွတ်လိုက်မိပြန်၏။
မှန်ပေသည် . . မိုးစက်ဝေ၏ အာဃာတကို ခြေဖျက်ပေးနိုင်မည့် အခွင့်အရေးတစ်ခု ရဲရင့်သူ ပိုင်ပိုင်နိုင်နိုင် ရရှိလိုက်ခြေပြီ။ နတ်ပေစိကတော့ နားမလည်ဟန်ဖြင့် ရဲရင့်သူ၏ မျက်နှာအား အူကြောင်ကြောင်လေး ငေးကြည့်နေဆဲ. . .။
.
.
.
အမြင့်ကြောက်သော ငှက်
.
.
.
.
နောက်တစ်နေ့ မနက် ခြောက်နာရီခန့်. . .
နတ်ကြီးဦးတင်ရှိန်က. . ရဲရင့်သူ၏ ခန္ဓာကိုယ်သည် မန်းလေးမြို့ ###$$$ အထူးကုဆေးရုံကြီး၌ ရှိနေကြောင်း၊ သို့သော် ယခုလောလောဆယ်တွင်တော့ ရဲရင့်သူအနေဖြင့် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်နိုင်ဦးမည် မဟုတ်သေးကြောင်း၊ သွားရောက်ကြည့်ရှုလိုပါက ခန္ဓာကိုယ်ရှိရာသို့ နတ်တို့တန်ခိုးဖြင့် ချက်ခြင်းတန်းသွားလို့ရနိုင်သလို ယာဉ်ရထားတစ်ခုခုကို ဖန်ဆင်းလျှက် ပါတ်ဝန်းကျင်သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်း လူသားများကဲ့သို့ စီးနင်းသွားရောက်၍လည်း ရနိုင်ကြောင်း. .စသဖြင့် ဂဃနဏ ရှင်းပြလေသည်။ ရွာကို ၎င်း ကြည့်ထားမည်ဆိုကာ နတ်ပေစိတို ့ လင်မယားကိုလည်း ရဲရင့်သူတို့နှင့်အတူ အလည်အပါတ်သဘောမျိုး ထည့်နေပြန်၏။
နွေဦးရာသီလည်းဖြစ်၊ မိုးစက်ဝေ၊ နတ်ပေစိလင်မယား စသည့်အဖော်အပေါင်းများလည်း အတူလိုက်ပါကြမည်လည်း ဖြစ်သောကြောင့်. .ရဲရင့်သူလည်း ခန္ဓာကိုယ်ရှိရာသို့ တန်ခိုးဖြင့်မသွားတော့ဘဲ အညာနွေဦး၏ အလှအပ သဘာဝတို့ကို လမ်းတစ်လျှောက်တစ်ဝကြီးခံစားကြည့်ရှုရင်း ဖြေးဖြေးခြင်းသာခရီးဆက်ကြဖို့ရန် အကြံဖြစ်လျှက် နတ်ကြီးတင်ရှိန်အား လန်ခရူဇာ ဆိုက်ကနက်တစ်စီးကိုသာ ဖန်ဆင်းပေးပါရန် တောင်းဆိုလိုက်လေတော့သည်။
.
.
.
.
နတ်ကြီးတင်ရှိန်ဖန်ဆင်းသော လန်ခရူဇာမှာ စုတ်ချွန်းချွန်းဖြစ်၍ လန်ခရူဇာနှင့် သိပ်မတူလှ။ သို့သော် မိုက်၏။ ဘီးမပါ၊ လမ်းနှင့်တစ်ပေခန့်ကွာသည်အထိ လေပေါ်သို့ မြောက်တက်နေလေသည်။ အတွင်းခန်း လွန်စွာငြိမ့်၍ အဲကွန်းလည်း အေးစိမ့်နေလေ၏။ ကိုယ်တိုင် စီယာတိုင်ကိုင်ပြီး ထိန်းချုပ်မောင်းနှင်နိုင်သလို ဒက်ဘုတ်ပေါ်တွင်ပေါ်နေသည့် မြေပုံ၌ လမ်းကြောင်းဆွဲပေး၍လည်း အလိုအလျှောက်မောင်းနှင် စေနိုင်လေသည်။
" အင်းး တကယ်တော့ ကားက မောင်ရင်ကိုယ်တိုင်ဖန်ဆင်းရမှာကွယ့်။ ဒါဆို ခုကားထက်တောင် ပိုသားနားဦးမှာ။ မောင်ရင်က ကိုယ့်ကိုကိုယ်သတိမထားမိလို့သာ. .ကျုပ်တို့ထက် တန်ခိုးအပုံကြီး ပိုထက်တယ်။ ခုတော့ ကျုပ်ပဲ ဖန်ဆင်းပေးလိုက်ပါဦးမယ်လေ. .
ဒီကားမောင်းစဉ် လူ့ဘဝတုန်းကအတိုင်း အခြားကားတွေ ဆိုင်ကယ်တွေကို ရှောင်ပြီးမောင်းချင်လည်းမောင်းလို ့ရတယ်။ . မရှောင်ဘဲ တည့်တည့်တိုက်သွားလည်း ရပါတယ်။ မောင်ရင်တို့ကော ကားပါ ရုပ်ခန္ဓာအစစ်တွေမှ မဟုတ်ကြတာပဲ "
နတ်ကြီးတင်ရှိန်က ၎င်းဖန်ဆင်းသည့်ကားအကြောင်းကို ရဲရင့်သူသဘောပေါက်အောင် ရှင်းပြနေသေး၏။ ရဲရင့်သူလည်း အပွေးမြင်အပင်သိသူဖြစ်သဖြင့် အခြားထွေထွေထူးထူး ထပ်မံမေးမြန်းမနေတော့ဘဲ နတ်ကြီးတင်ရှိန်အား ကျေးဇူးတင်စကားပြောကြားနှုတ်ဆက်ကာ နတ်ပစိတို့လင်မယားနှင့် မိုးစက်ဝေတို ့ကို ကားပေါ်သို့တင်တက်စေလျှက် မောင်းနှင်ထွက်ခွာခဲ့လေတော့သည်။
.
.
.
ရဲရင့်သူတစ်ယောက် ကားကို အော်တိုပိုင်းလော့ မထိုးဘဲ ကိုယ်တိုင်မောင်း၍. . အဲကွန်းပိတ်ကာ မှန်ချလျှက် အညာနွေဦးမနက်အငွေ့အသက်တို ့ကို တဝကြီးရှူရှိက်၊ ရှုခင်းတို့ကို ငေးမောခံစားရင်း ခပ်ဖြေးဖြေးသာလှိမ့်ခဲ့လိုက်လေရာ. . ရွာမှထွက်ပြီး ငါးမိနစ်ခန့်ကြာသည်ရှိသော်.. ရွာဘက်သို့ စုပေါင်းမောင်းနှင်သွားသော ဆိုင်ကယ်ယာဉ်တန်းကြီးနှင့် ဆုံတွေ ့ရလေတော့၏။
လူဘဝမှ အကျင့်ပါနေသူမို့ ရဲရင့်သူ ကားကို အရှိန်လျော့သထက်လျော့ကာ ဘေးသို့ ချ၍ ယဉ်တန်းကို စပ်စုလိုက်လေသည်။ အနှီ ဆိုင်ကယ်ယာဉ်တန်းမှာ အစီးရေမနည်းလှ၊ အနည်းဆုံး လေးငါးဆယ်ခန့် အောက်ထစ်ရှိပေလိမ့်မည်။ သို့သော် လွန်စွာစည်းစနစ်ကြန လှပုံရ၏။ တစ်စီးနှင့်တစ်စီးကျော်မတက်၊ ဝူးဝူးဝါးဝါး ဗြူးဗြူးဗြဲဗြဲတွေမလုပ်ကြဘဲ ပုံမှန်အရှိန် ပုံမှန်အသံနှင့် စီတန်းကာ မောင်းနှင်သွားကြခြင်းဖြစ်လေသည်။
ဆိုင်ကယ် အမျိုးအစားလည်းအတော်ကို စုံလင်လှပေ၏။ အင်ဂျင်ပါဝါ အသေးဆုံးအနေဖြင့် kawasaki estrella 250၊ Suzuki Bigboy 250 တို့မှစတင်ကာ၊ အင်ဂျင်ပါဝါ ၁၀၀၀. .၁၅၀၀. .၁၇၀၀ ရှိသော ဟာလီ၊ ဂလိုက်၊ ယာမဟာ road star စသည့် ဘီးကြီးများအထိ ပါဝင်ကြလေသည်။
ထို့အတူ ဆိုင်ကယ်များပေါ်ရှိ biker များမှာလည်း ပိန်သူ၊ ဝသူ၊ ရှည်သူ၊ ပုသူ၊ လမ်းသရဲဟန်ပေါက်သူ၊ ဂျန်းနမန်းဟန်ပေါက်သူ၊ classic ဒီဇိုင်းဝတ်စားထားသူ၊ ကောင်းဘွိင်ဂိုက်ဖမ်းထားသူ စသဖြင့် အရွယ်အစား အနေအထား ဒီဇိုင်းကာလာ စုံလင်လှပေ၏။
ထိုသို့ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေကြသော်လည်း ထိုသူများ၌ တူညီသောအချက်များလည်းရှိကြလေသည်။ ထိုအချက်များမှာ. . ဆိုင်ကယ်စီးဦးထုပ်များ ကိုယ်စီကိုယ်စီ ကျကျနန ဆောင်းထားကြခြင်း၊
Son of Revolution စာသားနှင့် အတောင်ပံတံဆိပ်ပါ ဂျက်ကတ်တို့ကို ခန္ဓာကိုယ်များပေါ်တွင် အသီးသီးလွှမ်းခြုံဝတ်ဆင်ထားကြခြင်း တို ့ဖြစ်ကြလေ၏။
ရဲရင့်သူလည်း ထိုဆိုင်ကယ်အဖွဲ့ ဘေးမှဖြတ်သွားသည်ကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေမိလေသည်။ ထိုစဉ်. ..
" သောက်ဆိုင်ကယ်သမားတွေ. .. ရွာကို ဘာလာရှုပ်တာလည်းမသိဘူး. . သေပေတော့. .. "
ဘေးခုံတွင် ထိုင်နေသော မိုးစက်ဝေထံက အထက်ပါအတိုင်း ကြုံးဝါးလိုက်ပြီး ဆိုင်ကယ်ယာဉ်တန်းကို ပြသနာရှာရန် ဟန်ပြင်တော့လေ၏။ သို့သော် မိုးစက်ဝေ အကြောင်းကိုသိနေသော နတ်ပေစိတို့လင်မယားက နောက်ခုံတွင်ထိုင်နေရာမှ ချက်ခြင်းထလာပြီး သူမကို ချုပ်ထားကြလေရာ သူမ၏ အကြံမအောင်ဘဲရှိလေသည်။
" လွှတ် လွှတ်.. လွှတ်ပါရှင်၊ ဒီလမ်းသရဲတွေကို နှခေါင်းရိုးချိုးပေးလိုက်ချင်လို့ပါ. . လွှတ်ပေးကြစမ်းပါ.. "
" မောင်း မောင်း. . . .မောင်း တော့ ဆြာလေး. .အမြန်မောင်းတော့ "
ရုန်းကန်နေသော မိုးစက်ဝေ၏အသံနှင့် နတ်ပေစိတို့လင်မယားနှစ်ယောက်၏ အသံပလံများ ကားထဲ၌ တမဟုတ်ခြင်း ဆူညံသွားလေသည်။ ရဲရင့်သူလည်း ထွေထွေထူးထူးစဉ်းစား မနေတော့ဘဲ ကားကိုမှန်ချက်ခြင်းတင်ကာ လီဗာကိုဆောင့်နင်း၍ ဆိုင်ကယ်အဖွဲ့နှင့်ဝေးရာသို့ အရှိန်ပြင်းပြင်း ထွက်ခွာခဲ့လိုက်မိ လေတော့၏။
.
.
.
အမြင့်ကြောက်သော ငှက်
.
.
.
.
" စိတ်ကိုထိန်းမှပေါ့ မိုးစက်ဝေရယ်၊ သူတို့လည်း သူတို့အကြောင်းနဲ့သူ ဖြတ်သွားကြတာနေမှာပါ။ ရွာကိုသွားတာလည်း ဟုတ်ချင်မှဟုတ်မှပေါ့။ ပြီးတော့ အကိုမြင်ရသလောက် စည်းကမ်းကြ ကြပါတယ်၊ ဗရမ်းဗဒါတွေ ဟုတ်မယ့်ပုံ မပေါ်ပါဘူး။
ဒီမှာ ဆြာမလေးရဲ့ ဖြစ်ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီဗျာ. .သင်ပုန်းခြေလိုက်ပါတော့။ ဆိုင်ကယ်သမားတိုင်းလည်း လူဟော့ လူသွမ်း လူသရမ်းတွေမဟုတ်ကြပါဘူး။ လူ့အဖွဲ့အစည်းတိုင်း လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံတိုင်းမှာ ဆိုးတဲ့သွမ်းတဲ့သူတွေရှိကြသလို လိမ္မာတဲ့ တော်တဲ့ ကောင်းတဲ့ စည်းကမ်းရှိတဲ့ သူတွေလည်း အများကြီးပါပဲ။ ဆိုင်ကယ်သမားတွေမှာလည်း ဒီလိုပဲပေါ့ကွာ။
နောက်နေ့တွေကြရင် ညီမရဲ့ရင်ထဲက အဆိုင်အခဲကိုကြေပျက်သွားနိုင်ဖို့ လက်တွေ့ပြရမယ့်အကြောင်းအရာတစ်ခု အကို့မှာရှိပါတယ်။ အဲ့ဒီမတိုင်ခင်တော့ ဆိုင်ကယ်သမားတွေနဲ့တွေ့ရင် ကိုယ့်စိတ်ကိုယ်ထိန်းပါ့မယ်လို့ အကို့ကို ကတိပေးရမယ် . . ဟုတ်ပြီလား "
ရဲရင့်သူ မိုးစက်ဝေအား လမ်းတစ်လျှောက် ဆုံးမစကားများတတွတ်တွတ်ပြောဆိုရင်း ခပ်ဖြေးဖြေး မောင်းနှင်ခဲ့လေရာ ပုဂံမြို့သို့ မနက် ခုနှစ်နာရီခွဲခန့်တွင် ရောက်ရှိခဲ့ကြ၍ မန်းလေးသို့မဆက်သေးဘဲ ပုဂံတွင် ဘုရားဝင်ဖူးကြရန် ပြင်ဆင်လိုက်ကြလေ၏။
ရဲရင့်သူတို့အဖွဲ့သည် စွယ်တော်လေးဆူအပါဝင် လူဖူးများသော အခြားနာမည်ကြီးစေတီတော်ကြီးများကို လှည့်ပါတ်ဖူးမျှော်ကြယုံမက ကြီးကျယ်ခမ်းနားသော်လည်း ဘုရားဖူးလာရောက်သူနည်းပါးနေသေးသည့် စေတနာကြီးဘုရား၊ ဆင်ဖြူရှင်ကျောင်း၊ ကျောက်ဂူဥမှင် စသည့်သမိုင်းဝင် စေတီဂူကျောင်းများကိုပါ လိုက်လံဖူးမျှော်ခဲ့ကြလေသည်။
ဤသို့ ဘုရားလှည့်လည်ဖူးမျှော်ရာတွင် နတ်ပေစိတို့လင်မယားမှာ ငြားခါစ ဟန်းနီးမွန်းထွက်သကဲ့သို့ ပျော်ရွှင်စွာ တတွဲတွဲဖြစ်နေကြသော်လည်း၊ မိုးစက်ဝေတစ်ယောက်ကတော့ ဂျစ်စုတ်စုတ်ရုပ်ဖြင့် ရဲရင့်သူ၏နောက်မှ ဘောက်ဆတ်ဆတ်လိုက်ပါခဲ့လေ၏။
နတ်တို့တန်ခိုး နတ်ယာဉ်ပျံဖြင့် ဖြတ်လမ်းများမှ ရေမရှောင်ကုန်းမရှောင် သွားလာနိုင်၍ ဘုရားပါတ်ဖူးရာ၌ အချိန်ကုန်သက်သာလှပေသည်။ အစစ်အဆေးအမေးအမြန်းဟူ၍လည်း ရွှေစည်းခုံဘုရားတွင် ဘုရားစောင့်နတ်အိုကြီးမှ မေးမြန်းစပ်စုနေသည်မှလွဲ၍ ကျန်သည့်အချင်းအရာကြီးငယ်မရှိခဲ့။ သို့ဖြစ်၍ ရဲရင့်သူတို့၏ ဘုရားဖူးခြင်းအမှုသည် နေ့တစ်ဝက်ကျော်မျှဖြင့်ပင် ပြီးဆုံးခဲ့ကြကာ နေ့လည် တစ်နာရီခွဲခန့်၌ မန်းလေးသို့ ခရီးဆက်ဖြစ်ခဲ့ကြလေတော့၏။
.
.
.
" ကျမ မှားသွားပါတယ်၊ နောက်တစ်ခါ ကျမ ကြိုးစားပြီးစိတ်ကိုထိန်းပါ့မယ်ရှင်၊ ကျမကြောင့် အားလုံး နောက်ထပ်စိတ်မညစ်စေရတော့ပါဘူး "
ကားပေါ်ရောက်သောအခါမှ မိုးစက်ဝေက ရွာအထွက်ဖြစ်ပျက်ခဲ့သည့်ကိစ္စအတွက် ရဲရင့်သူတို ့ကို တောင်းပန်စကားဆိုလေသည်။ မိုးစက်ဝေ၏ နောင်တတောင်းပန်စကားကြောင့် ရဲရင့်သူနှင့် နတ်ပေစိတို့လည်း အတော်ပင် စိတ်ချမ်းသာသွားကြရလေ၏။
ဆယ့်မိနစ်ခန့် ခရီးဆက်ပြီးသောအခါ ရဲရင့်သူ ကားကို မြင်ခြံလမ်းအတိုင်း မြေပုံပေးလိုက်ပြီး အော်တိုပိုင်းလော့ထိုးလိုက်လေသည်။
" အိပ်ချင်လာပြီ အကိုရယ်. .. "
ရဲ့ရင်သူလည်း ထိုင်ခုံနှစ်ခုံကြား ပိုင်းခြားထားသည့်အကန့်ကိုဖြောက်ကာ နှစ်ခုံတစ်ခုံပေါင်းလိုက်ပြီး မိုးစက်ဝေ၏ ပုခုံးကို အသာဆွဲ၍ ရင်ခွဲထဲသို့သွင်းလိုက်လေ၏။ မိုးစက်ဝေကလည်း အလိုက်သင့်လေးပါလာလေသည်။
ကားနောက်ခန်းတွင်တော့.. မစန်းမြင့်က နတ်တောသူမပီပီ ကားမူးလျှက်ရှိပြီး နတ်ပေစိမှာ ပီတိလွှမ်းသော မျက်ဝန်းအစုံဖြင့် ရဲရင့်သူတို့နှစ်ဦးအား ပြုံးပြုံးကြီးကြည့်လျှက်ရှိလေတော့၏။
.
.
.
အမြင့်ကြောက်သော ငှက်
.
.
.
.
မန်းလေးသို့ရောက်သော် ရှေးဦးစွာ ရဲရင့်သူ၏ ခန္ဓာကိုယ်ရှိလေရာ. . အထူးကုဆေးရုံကြီးသို့ ရှာဖွေသွားရောက်ခဲ့ကြလေ၏။ ဆေးရုံစောင့်နတ်ဖြစ်ဟန်တူသူက ရဲရင့်သူရောက်လာလိမ့်မည်ဟု အထက်မှ ကြိုတင်သတင်းရထားပြီးဖြစ်ကြောင်း ပြောကြားရင်း ၎င်းတို့အဖွဲ့အား ခရီးဦးကြိုပြု၍ ရဲရင့်သူ၏ ခန္ဓာကိုယ်ထားရှိရာအခန်းသို့ ခေါ်ဆောင်သွားလေသည်။
ရဲရင့်သူ၏ ခန္ဓာကိုယ်မှာ ကုတင်ပေါ်၌ လုံခြုံနွေးထွေးစွာ မလှုပ်မယှက်။ နှာခေါင်းတွင် အောင်ဆီဂျင်ပိုက်တပ်ထားကာ နှလုံးခုန်ချက်ပြကရိယာရှိ အနိမ့်အမြင့်လှိုင်းလေးများမှာလည်း ပုံမှန်အနေအထားဖြင့် ရွေ ့လျားလျှက်ရှိလေသည်။
ရဲရင့်သူတို ့အဖွဲ ့လည်း ကိုမာဝင်နေသော အနှီရုပ်ခန္ဓာကြီးအား ဝိုင်းကြည့်နေမိကြလေ၏။ ထိုအချိန်၌ ဘေးတွင်ရပ်နေသော ဆေးရုံစောင့်နတ်က
" ကျတော် ပြောပြစရာရှိတယ်။ တကယ်တော့ အာစရိမိဘတွေက အာစရိကို ရန်ကုန်သယ်ကြဦးမလို့။ ဒါပေမယ့် မန်းလေးမှာလည်း ပစ္စည်းကရိယာ၊ ဆေးဝါး၊ ဆြာဝန် အစစအရာရာမှာ ရန်ကုန်ထက်ကို ပိုစုံလင်နေတာနဲ့၊ ရန်ကုန်ကိုသယ်လိုက်ရင် ခရီးပမ်းတဲ့ဒဏ်ကို ဆြာလေးမခံနိုင်မှာစိုးတာနဲ့၊ အာစရိရဲ့ ချစ်သူဆိုလား မြရည်နွယ် ဆိုတဲ့တစ်ယောက်က အာစရိ မှည့်တစ်ပေါက်မစွန်းအောင် သူစောင့်ပေးပါ့မယ်လို့ အာစရိမိဘတွေကို ငိုရီပြီး အကြိမ်ကြိမ်ကတိပေးတာနဲ့. . အကြောင်းကြောင်းတွေထောက်ပြီး မိဘတွေက အာစရိကို မြရည်နွယ် လက်ထဲ စိတ်ချလက်ချ အပ်ပြစ်ခဲ့ကြတာ။ ဒါပေမယ့် အာစရိရယ်. "
ဟု အရှည်သဝေး စကားပုလ္လင်ခံပြီးနောက် စကားကိုခေတ္တရပ်ကာ ရဲရင့်သူတို့ကို တစ်ချက်အကဲခတ်နေလေသည်။ ရဲရင့်သူက
" ဒါပေမယ့် ဘာဖြစ်လည်း. . ဆိုစမ်းပါဦးဗျ. . "
ဟု စိတ်ဝင်တစား စကားလမ်းကြောင်းခင်းလိုက်သောအခါမှ လွန်စွာခံပြင်းဟန်ဖြင့် ၎င်းသိရှိထားသည့်အကြောင်းအရာတို့ကို အောက်ပါအတိုင်း ပြန်လည်ပြောကြားလေတော့၏။
" အာစရိရဲ့မိဘတွေက မြရည်နွယ်ရဲလက်ထဲမှာ အာစရိကို စိတ်ချနေကြတယ်။ မြရည်နွယ်ကိုလည်း ငွေရေးကြေးရေးကမှအစ လိုလေးသေးမရှိအောင် ထောက်ပံ့ထားကြတယ်လေ။ ဒါပေမယ့် မြရည်နွယ်ကတော့ မိဘတွေကွယ်ရာရောက်ရင် အာစရိရဲ့ခန္ဓာကိုယ်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ယောကျ်ားလေး စပါယ်ရှယ်နပ်နှစ်ယောက်ငှါးပေးပြီး သူကတော့ အာစရိမိဘတွေပေးတဲ့စားရိတ်နဲ့ ဆေးရုံရဲ ့မလှမ်းအကမ်းက ဟော်တယ်မှာ သွားနေလေရဲ့။
ဆေးရုံကိုလည်း တစ်နေ့နေလို့တစ်ခါရောက်ရင်ကံကောင်း။ ဘယ်လိုအချိန်မျိုးမှာ သူ ဆေးရုံအနေမြဲလည်းဆိုရင်. . .အာစရိရဲ့အမေက တစ်လတစ်ခါလောက် မန်းလေးတက်လာပြီး အာစရိကိုလာကြည့်တတ်တယ်. . အဲ့ဒီနှစ်ရက်သုံးရက်ကတော့ မြရည်နွယ်တစ်ယောက် ဆေးရုံမှာ အတော်ကို အပိုတွေလုပ်ပြပါလိမ့်မယ်။ အာစရိအမေကလည်း ရိုးတော့ သူ့ရဲ့ ဟန်ဆောင်ပန်ဆောင် စကားတွေ အမူအရာတွေကို အားကြီးယုံနေတော့တာ။ . . သမီးလေးတစ်ယောက် ကောက်ရသလိုပဲ. .ဆိုပြီး ချီးကျူးတဲ့အသံ ကျတော် မကြာခဏကြားရတယ်။
မြရည်နွယ်က အဲ့လောက်အထိ အာစရိတို့မိသားစုအပေါ်မှာ မရိုးမသားလုပ်နေတယ်အာစရိ။ အဆိုးဆုံးအချက်ကတော့ . . ငှါးထားတဲ့ အမျိုးသားနာပ်နှစ်ယောက်တည်းက အသားဖြူဖြူ ခန္ဓာကိုယ်ခပ်တောင့်တောင့်တစ်ကောင်နဲ့ ဖောက်ပြန်နေပြီး အာစရိရဲ့ အမွေကိုပါ အပိုင်သိမ်းဖို့ ကြံရွယ်နေတာပဲ. .
ဟုတ်တယ်. . သူ့က အပြုအစု၊ အယုအယ၊ အနှုးအနှပ်ကောင်းတာကတစ်ကြောင်း. . တစ်ဦးတည်းသောသားလေးဖြစ်တဲ့ အာစရိရဲ့ ချစ်သူဖြစ်နေတာက တစ်ကြောင်းကြောင့်. .ခုဆိုရင် အာစရိအမေက သူ့ကို အတော်ကို ယုံကြည်အားကိုးပြီး သဲသဲလှုပ်ဖြစ်နေပြီ။ အာစရိရဲ့ အဖေကလည်း ဆီးချိုရောဂါနဲ့ကျန်းမရေးသိပ်မကောင်းဘူး မဟုတ်လား။ ဒါကို အခွင့်ကောင်းယူပြီး အာစရိတစ်ခုခုဖြစ်သွားခဲ့ရင် အာစရိမိဘတွေ သူ့ကိုအမွေစားအမွေခံ မွေးစားကြအောင် စည်းရုံးသိမ်းသွင်းဖို ့ကြံ သူ ့မှာရှိတယ်။
ကျတော့်အထင်ပြောရရင် သူနဲ့သူကောင်ပေါင်းပြီး အာစရိကို မကြာခင် တစ်ခုခုလုပ်ကြတော့မလားပဲ။ ဒါပေမယ့် အာစရိက ကုသိုလ်ကံအဟုန်ကောင်းနေတော့ သူတို့အစီအစဉ်တွေ လွယ်လွယ်ကူကူနဲ့တော့ အဆင်မပြေလောက်ပါဘူး ၊ သတိတော့ထားရမှာပေါ့လေ။ ခုလည်း နှစ်ယောက်သား တွတ်တွတ် တွတ်တွတ်လုပ်ပြီး အပြင်ထွက်သွားကြလေရဲ့။
သူတို့ရဲ့အခြေအနေကို အကဲခတ်ချင်ရင် ညရှစ်နာရီခွဲလောက် အာစရိ ဆေးရုံရှေ ့ကိုပြန်လာခဲ့ပါ။ အဲ့အချိန်ဆို မြရည်နွယ်ရဲ့ကောင် နောက်နပ်တစ်ယောက်နဲ့ ဂျူတီချိန်းပြီ။ ဒီကောင် ဂျူတီထွက်တာနဲ့ မြရည်နွယ်ကာ စောင့်ပြီးလာခေါ်နေကြ။
အာစရိရဲ့အရိပ်မှာခို အာစရိမိဘဒေကြွေးတဲ့ထမင်းကိုစားပြီး အာစရိကို ကျေးဇူးကန်း ဖောက်လွဲဖောက်ပြန်တွေလုပ်နေတာ. . အတော်ကို အတော်ကိုခံပြင်းဖို့ကောင်းတယ် အာစရိရယ်။ ကျတော်ဆို သူတို့ကို တစ်ခုခုလုပ်လိုက်ချင်သမှ လက်ကိုယားနေတာပဲ၊ အထက်နတ်မင်းကြီးတွေ အပြစ်ပေးမှာကြောက်လို့သာ၊ မဟုတ်ရင် သင်းတို့ ဒုက္ခတွေ ့နေပြီ "
ကျိတ်မနိုင်ခဲမရဖြစ်နေသော ဆေးရုံစောင့်နတ်၏ ပြောဆိုသတိပေးမှုကြောင့် ရဲရင့်သူလည်း မြရည်နွယ်တို့အကြောင်းကို အစအဆုံးသိရကာ သူမကို ရွံသထက်ရွံ မုန်းသထက်မုန်းသွားမိလေ၏။ သူမနှင့် သူမကောင် ဘယ်လိုတွေကြံစည် ဘယ်လိုတွေ ခွေးဇာတ်ခင်းနေကြသည်ကိုလည်း မျက်ဝါးထင်ထင် တွေမြင်လိုသည့်ဆန္ဒများ ပေါ်ပေါက်လာလေသည်။
နာရီကိုကြည့်လိုက်တော့ လေးနာရီပင်မထိုးသေး။ မိုးစက်ဝေနှင့် မစန်းမြင့်တို့အား မဟာမြတ်မုနိဘုရားနှင့် မန်းလေးတောင်သို့ လိုက်ပို့ပြီးသောအခါမှ မြရည်နွယ်တို့၏ ခွေးဇာတ်ကို လာရောက်ကြည့်ရှုရပေမည်။ ထို့ကြောင့် ရဲရင့်သူလည်း ဆေးရုံစောင့်နတ်ကို အကျိုးအကြောင်းပြောနှုတ်ဆက်ကာ ၎င်း၏အဖွဲ့ကို ဘုရားဖူးပို့ရန် ဆေးရုံမှထွက်ခဲ့လိုက်လေတော့၏။
.
.
.
အမြင့်ကြောက်သော ငှက်
.
.
.
.
မဟာမြတ်မုနိဘုရားကြီး သို့မသွားခင် အိမ်တော်ရာဘုရား၊ ကုသိုလ်တော်ဘုရား စသည့် အခြားအထင်ကရဘုရားစေတီများကို ရဲရင့်သူတို့ လှည့်ပါတ်ဖူးမျှော်ကြသေး၏။ အားလုံးအဆင်ပြေပြေ လျောလျောလျှူလျှူပင်။ မဟာမြတ်မုနိဘုရားကြီးသို့ရောက်သောအခါမှ ဘုရားစောင့်နတ်နှင့် ပြသနာတက်လေတော့သည်။
တန်ခိုးကြီးဘုရားတစ်ဆူကို စောင့်ရှောက်ရသော နတ်ဖြစ်ခြင်းကြောင့် ဘုရားစောင့်နတ်ကြီးမှာ အင်မတန်ဂုဏ်မောက်နေဟန်ရှိလေ၏။ တန်ခိုးလည်း အတော်အတန်ကြီးပုံရလေသည်။ ရဲရင့်သူတို့ကို ဘုရားဖူးရန်ပေးမဝင်ဘဲ ဂိတ်ဝမှပင် လှည့်ပြန်ခိုင်းနေလေ၏။ ရဲရင့်သူက ၎င်းကြေနပ်အောင် တောင်းတောင်းပန်ပန်ဖြင့် ရှင်းပြခွင့်တောင်းသော်လည်းအဆင်မပြေပေ။ နောက်ဆုံး နတ်ပေစိက သည်းမခံနိုင်တော့ဘဲ
" ဒါ ဘယ်လိုပုဂ္ဂိုလ်ထင်လို့လည်း. . သေခြာကြည့် "
ဟု ရဲရင့်သူကို လက်ညှိုးထိုးပြ၍ ထောက်ခံစာတွေ အချက်အလက်တွေထုတ်ပြပြီး ကောင်းကောင်းဖိဟောက်လေတော့သည်။ ထိုအခါမှ ဘုရားစောင့်နတ်ကြီးက ရဲရင့်သူကို နောက်ထပ်တစ်ဖန်သေခြာပြန်ကြည့်ပြီး ရွံ ့တွန့်တွန့်ဖြစ်သွားဟန်ဖြင့် မျက်နှာချိုသွေးလျှက် ဘုရားထဲသို့ဝင်ခွင့်ပေးရရှာလေတော့၏။
.
.
.
" ကိုယ့်လူက ဘယ်ဆိုးလို့လည်းဗျ၊ ဟိန်းတာဟောက်တာကတော့ အပိုင်သား၊ ဒါ့ကြောင့်လည်း နတ်ရယက ဖြစ်နေတာကို. .. "
" ဟား ဟား ဟား မဟုတ်ပါဘူးဆြာလေးရယ်၊ ဒီလိုကောင်မျိုးတွေက ဖိဟောက်နိုင်မှ၊ ဘုရားကြီးမှာစောင့်ရတယ်ဆိုပြီး မာန်တက်နေတာ။ ကားဝင်ကြေးတောင်းတဲ့ ဘုရားလူကြီးတွေနဲ့ ဘာမှမထူးဘူး။ ဇောက်မှန်းကမ်းမှန်း နဲနဲမှကိုမသိတာ။ ကြည့်ပါလား. . ဆြာလေး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျုပ်အထောက်အထားတွေ ထုတ်ပြလိုက်တော့ ဖင်ပြေးလျှက်တော့မယ့်အတိုင်းဖြစ်ပြန်ကော၊ အလကား အထက်ဖားအောက်ဖိတွေပါ "
" ဟား ဟား ဟုတ်ပါပြီဗျာ၊ ဟုတ်ပါပြီ။ ဒါနဲ့. .. မဟာမြတ်မုနိလို အထင်ကရဘုရားကြီးမှာ စောင့်ရတဲ့နတ်တောင် ကျတော့်ဖြုံနေသေးတာ. . ဘာမဟုတ်တဲ့ ရွာစောင့်နတ် နတ်ကြီးသိုက်ထွန်းက ကျတော့်ကို ဘာကြောင့်ကွိင်ရှာရဲနေရတာလဲ "
" ဒါက ဒီလိုဗျ။ နတ်ကြီးသိုက်ထွန်းက ပိုစတင်သာ မကောင်းတာ ရာထူးနဲ့ တန်ခိုးဣဋိပါတ်ကြတော့ ဒီနတ်တွေထက် အများကြီးမြင့်တယ်။ သက်ရှိထင်ရှား ရဟန္တာစစ်စစ်ကြီးကို သေသေခြာခြာ ဆွမ်းကပ်ခဲ့တဲ့ ဘုန်းကံက နည်းမှမနည်းတာ။ အသောက်သမားဖြစ်နေလို့သာ အထက်နတ်ကြီးတွေက နေရာကောင်းကောင်းခန့်ထားပေးလို့ မရတာ။ သူ့ရဲ့ကုသိုလ်ကံမျက်နှာကိုထောက်ပြီး သူအပိုင်စားရတဲ့ဒေသမှာတော့ နေချင်သလိုနေခွင့်ပေးထားရတော့တာပေါ့။
နောက်တစ်ခုက ရွာနတ်နဲ့ မြို့နတ်လည်းကွာတာပါတယ်။ မြို့သားနတ်က ပါးရည်နပ်ရည်ရှိတယ်။ ဘယ်သူဆို သူအနိုင်ကျင့်လို့ရမယ်၊ ဘယ်သူဆိုရင် သူသွားထိလို့မရဘူး ဆိုတာတွေကို ကောင်းကောင်းသိတယ်။ ရွာသားနတ်ကတော့ အဲ့လိုမဟုတ်ဘူး။ သူ့စိတ်ထဲမတွေ့ရင် မတွေ ့သလို ဘာကောင် ညာကောင်မစဉ်းစားပဲ ဇွတ်ရွတ်လုပ်တတ်တဲ့အကျင့်ရှိတယ် "
ရဲရင့်သူနှင့် နတ်ပေစိတို့နှစ်ယောက်သား စကားတပြောပြောဖြင့် ထွက်လာခဲ့ကြလေရာ မန်းလေးတောင်ပေါ်သို့ ရောက်ရှိခဲ့ကြလေ၏။ တောင်ပိုင်ဘိုးဘိုးကြီးမှာ လွန်စွာသဘောကောင်းဟန်ရှိပြီး၊ စကားပြောရာတွင် ဟသနှောကာ ပြောဆိုတတ်သူဖြစ်လေသည်။ ရဲရင့်သူတို့ကိုလည်း နှစ်လိုစွာခရီးဦးကြိုပြုလေ၏။
ထို့အပြင် ၎င်းတို့ကို ခုတစ်ည တောင်ပေါ်၌ တည်းခိုဖို့ရာပြောကြားပြီး ဗိမ္မာန်တစ်ခုကို ဖန်ဆင်းပေးလေသည်။ ရဲရင့်သူလည်း မန်းလေးတောင်ပေါ်မှနေကာ မန်းလေးမြို့၏ ညရှုခင်းကို ကြည့်ရှုခံစားလိုသဖြင့် ဘိုးဘိုးကြီး၏ ဆန္ဒကို လိုက်လျောလိုက်လေ၏။
ထို့နောက် ဘုရားဖူးကြကာ ဘိုးဘိုးကြီး၏ဗိမ္မာန်တွင် နေရာယူလိုက်ကြလေသည်။ ဗိမ္မာန်မှာ အတော်ပင်သားနားပြည့်စုံလှ၍ အိပ်ခန်းနှစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါဝင်လေ၏။ ခန္ဓာကိုယ်များ ဖုန်မကပ် ချွေးမထွက်၍ အထူးရေချိုးနေစရာမလိုသော်လည်း ခရီးပမ်းသည်ဟုဆိုကာ နတ်ပေစိတို့လင်မယားက ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်သွားကြလေသည်။
အမှန်ဆိုရလျှင် ရဲရင့်သူလည်း ရေမိုးချိုးပြစ်လိုက်ချင်မိ၏။ သို့သော် နတ်ပေစိတို့လင်မယားရေချိုးအပြီးကို အိပ်ခန်းထဲမှ စောင့်လို့မဖြစ်။ အကယ်၍ ဗိမ္မာန်တံတိုင်းများကို ရဲရင့်သူဖောက်မြင်နိုင်စွမ်းပါက နတ်ပေစိတို့လင်မယားကို အတိုင်းသားမြင်ရပေဦးတော့မည်။
ထို့ကြောင့်ရဲရင့်သူလည်း မိုးစက်ဝေကိုခေါ်ကာ နေဝင်ရီသရောမန်းလေးမြို့၏အလှကို ငေးမောခံစားရန် ရင်ပြင်တော်ဘက်သို့ နှစ်ယောက်အတူတူ ထွက်ခဲ့လိုက်လေတော့သည်။
.
.
.
နေရောင်က လုံးလုံးကြီးမဝင်သေးသော်လည်း မန်းလေးတောင်တော်ရှိ ဘုရားစေတီပုထိုး တဆောင်းဇရပ်များတွင် လျှပ်စစ်မီးရောင်များ ထိန်ထိန်ဖွင့်လှစ်ထားလေပြီ။ ထို့အတူ တောင်အောက်တွင် မြင်တွေ့နေရသည့် မန်းလေးမြို့တော်ကြီးမှာလည်း အာစီယံ နေချင်စဖွယ်မြို့တော်များအနက်မှ တစ်ခုအပါအဝင် ဟူသည့်ဂုဏ်ကျက်သရေနှင့်ညီမျှစွာ နေညိုအသွေးတွင် နီယွန်မီးရောင်များထိန်ထိန်လင်းလျှက်ရှိလေတော့၏။
နွေဦးရာသီဖြစ်၍ မန်းတောင်တော်ဝန်းကျင်လုံးတွင် အမျိုးအမည်ဖော်ပြခြင်းငှါမစွမ်းသာသည့် တောပန်းတောင်ပန်းများ ဖူးပွင့်ဝေဆာနေကြလေသည်။ နွေလေရူးကလည်း ရော်ရွက်ဝါတို ့နှင့်အတူ အနှီနွေပန်းရနံ့များကိုပါ ဝန်းကျင်ပါတ်ကုံးသယ်ဆောင်ဆော့စကားနေလေတော့၏။ ရွှေဥသြငှက်ကလေး၏ ဆွေးဆွေးမြေ့မြေ့ တေးသီသံမှာ ရဲရင့်သူတို့၏ သောတအာရုံဆီသို့ မကြာခဏဆိုသလို အလည်ရောက်ရှိလာပြန်လေသည်။
မိမိ လွန်စွာ ချစ်ခင်ကြင်နာရသူမိုးစက်ဝေအား ရင်ခွင်ထဲတွင်ထား၍ ဤရာသီ၊ ဤအချိန်၊ ဤနေရာ၌ ဤကဲ့သို ့သော ရှုခင်းမျိုးအား ရှုမြင်ခံစားနေရခြင်းအဖြစ်မှာ ရဲရင့်သူအဖို့ တစ်သက်မဆိုထားဘိ သံသရာအဆက်ဆက်ပင် မေ့ပျောက်၍ရနိုင်ကောင်းမည် မဟုတ်တော့ချေ။
.
.
.
ကြည့်ရင်း ကြည့်ရင်း နေရောင်တဖြေးဖြေးပျောက်ကွယ်ကာ လျှပ်စစ်မီးရောင်များ ပိုမိုထိန်ငြီးလာလေ၏။
" အကို. .ဗိုက်ဆာတယ်။ ရေမိုးချိုးပြီး တစ်ခုခုစားကြရအောင်ကွာ. . "
မိုးစက်ဝေက ရင်ခွင်ထဲမှလူးလွန့်လာပြီး ရဲရင့်သူကို ပူဆာလေသည်။ ထိုအချိန်တွင် နတ်ပေစိကလည်း ၎င်းတို့ရေချိုးပြီးကြောင်းပြောကာ တစ်စုံတစ်ရာဖန်ဆင်းစားသောက်ကြဖို့ရန် ရဲရင့်သူတို့ကို အဖော်လာစပ်လေ၏။ ရဲရင့်သူလည်း ရေချိုးလိုသေးသဖြင့် နတ်ပေစိတို့ကိုခေတ္တာဆောင့်ဆိုင်းစေကာ မိုးစက်ဝေလက်ကိုဆွဲ၍ ဗိမ္မာန်ဘက်သို့ ထွက်ခဲ့လိုက်လေတော့သည်။
.
.
" အချိန်မရှိတော့ဘူး၊ နတ်ပေစိတို့ အကြာကြီးစောင့်နေရရင် အားနာစရာကောင်းတယ်၊ ဒီတော့ ကိုယ်နဲ့တစ်ခါတည်းတူတူချိုးလိုက်မယ်မဟုတ်လား ဟဲ ဟဲ "
ရွှတ်နောက်နောက်ပြောလိုက်သော ရဲရင့်သူ စကားကြောင့် မိုးစက်ဝေ ခြေလှမ်းတန့်ကာ မျက်စောင်းလှလှလေးထိုး အံလေးကိုက်ပြီး ပြန်ကြည့်လေသည်။ သို့သော် တခဏအတွင်းမှာပင် ရှက်ပြုံးလေးပြုံးကာ ခေါင်းငြိမ့်ပြရှာလေ၏။
" ဒီထက်ပိုပြီးပွင့်လင်းတဲ့ မြင်ကွင်းတွေကိုတောင် အကိုနဲ့မိုးစက်အတူတူ မြင်ခဲ့ကြားခဲ့ပြီးပြီပဲ အကိုရယ်၊ အကိုနဲ့ မိုးစက်ရဲ့ကြားမှာ ဘာမှ ကွယ်ဝှက်နေစရာ ရှက်နေစရာ မလိုတော့ပါဘူးရှင်. .. .. အကိုဟာ ကျမအတွက် အရင်းနီးဆုံး၊ အချစ်ရဆုံး၊ အားကိုးယုံကြည်ရဆုံး တစ်ယောက်တည်းသော သူရယ်ပါ. . "
ပါးစပ်မှ ဖွင့်မပြောသော်လည်း မိုးစက်ဝေ၏ နှလုံးအိမ်ထဲတွင်တော့ အထက်ပါစကားများကို အထပ်ထပ်အခါခါ နေရွတ်နေမိဆဲ. ..
.
.
.
ဆက်ရန်
အမြင့်ကြောက်သော ငှက်