" ဆိုင်ကယ်မုန်းသော အညာသူ " အပိုင်း ၈


.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

ချက်ခြင်းဆိုသလိုပင် လေပြင်းမုန်တိုင်းများကြားမှ အနက်ရောင်နှင့် အစိမ်းရောင်များ ဖုန်းလွှမ်းသွားပြီး နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော်နှင့် မင်းနှစ်ပါး တို့ စီးတော်ယာဉ်များနှင့်အတူ ရဲရင့်သူတို့ရှေ့သို့ ရောက်လာကြလေသည်။ ထို ့အပြင် ၎င်းတို့ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ယခင် လာနေကြပုံစံမျာဖြင့် မတူညီကြပေ။ စစ်ဝတ်တန်ဆာကဲ့သို့သော ကိုယ်ကြပ်တန်ဆာများကိုဝင်ဆင်လာကြပြီး မင်းနှစ်ပါးမှာ ဘီးလူးခေါင်းကဲ့သို့သော ခေါင်းဆောင်းများကိုပင် ဆောင်းထားကြသေး၏။ မျက်နှာများမှာလည်း အတော်ပင် တင်း ထန်နေကြလေသည်။



အထူးသဖြင့် ပုပ္ပါးမယ်တော်ပင်၊ သူမစီးလာသော ကိုးတောင်ကျားကြီးပေါ်မှ နေ၍ ရဲရင့်သူကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေလေ၏။ နတ်ကြီးသိုက်ထွန်းမှာတော့ ၎င်း၏ရထားနက်ကိုစီးနင်းရင်း ရဲ့ရင့်သူနှင့် မိုးစက်ဝေတို ့ကို ကြည့်ကာ ကောက်ကျစ်စွာပြုံးလေသည်။ မင်းနှစ်ပါးကတော့ ထုံးစံအတိုင်း မြင်းကိုယ်စီဖြင့်။



အထက်ဖော်ပြပါအတိုင်း အမြင်ထူးခြားလျှက်ရှိသော နတ်ကြီးသိုက်ထွန်းတို့အဖွဲ့အား ရဲရင့်သူ ခေတ္တငေးမော နေမိစဉ်မှာပင် နတ်ကြီးတင်ရှိန်နှင့် နတ်ပေစိတို့သည်လည်း လှံရှည်ကြီးများကို ဆွဲကိုင်ကြလျှက် ချပ်ဝတ်တန်ဆာကိုယ်စီ၊ တိုက်မြင်းကိုယ်စီဖြင့် အသင့်အနေအထား စောင့်ကြိုနေကြလေပြီ။



နှစ်ဖက် အခြေအနေတင်းမာကြတော့မည့်ပုံရှိ၍ ရဲရင့်သူလည်း တတ်နိုင်သမျှ ပွဲထိန်းမည်ဟု ရည်ရွယ်လျှက် ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ပုပ္ပါးမယ်တော်အား စကားဆိုလိုက်လေသည်။



" . . အန်တီကြီးသားတွေကို သေခြာမေးမြန်းစုံစမ်းပြီးပြီလား. . ဖြစ်တဲ့ပြသနာတွေမှာ ကျတော်တို့ဘက်က စလွန်တာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျတော်တို့ ပြသနာမဖြစ်ချင်ဘူး "



ထိုအခါ ပုပ္ပါးမယ်တော်က ရဲရင့်သူကို ရွံမုန်းဟန်ဖြင့်ကြည့်ကာ ဟက်ခနဲ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး



" မင်း ဘာမှ ငါ့ကိုအပိုတွေလာပြောမနေနဲ့။ ငါ့သားတော်တွေကို ငါသေခြာမေးပြီးပြီ။ သားတော်လေးတွေက ငါ့ကိုဆို ဘယ်တော့မှ လိမ်တာညာတာမရှိဘူး၊ ဖြစ်တဲ့ပြသနာတွေအားလုံးက မင်းတို့ဘက်က ကောင်မတွေ အနေအထိုင်မတတ်လို့ စဖြစ်ခဲ့ရတာတွေချည်းပဲ။ နတ်ကြီးသိုက်ထွန်းတစ်ယောက်လုံး သက်သေရှိတယ်။



မင်းက ကုသိုလ်ကံလေးကောင်းတယ်ဆိုပြီး မာန်တက်နေတာလား။ ပြသနာဖြစ်တိုင်းလည်း ငါ့သားတော်တွေကို မရှုမလှဖြစ်အောင် မင်းအနိုင်ကျင့်ခဲ့တာချည်းပဲ။ ဘယ့်နှယ့်တော် မနေ့တနေ့ကမှ ဒီကိုရောက်လာပြီး ဝါးနုက ဝါးရင်ကြိုပါတ်ချင်သး။ ဒီနေ့တော့ မင်းကိုငါကောင်းကောင်းဆုံးမရမယ်။ သေဖို့သာပြင်ပေတော့. . "



ဟု ပြောဆိုကြုံးဝါးလျှက် သူမလက်ထဲရှိဒေါင်းမြီးယပ်ဖြင့် ရဲရင့်သူအား လှမ်းရိုက်လေတော့၏။



သို့သော် မယ်တော်၏ ဒေါင်းမြီးယပ် ရဲရင့်သူထံသို့ရောက်မလာခဲ့။ နတ်ကြီးတင်ရှိန်က ၎င်း၏လှံသွားဖြင့် ဒေါင်းမြီးယပ်အား ဝင်ခံလိုက်၍



" ကျုပ်တို့ရှိနေသ၍ ကျုပ်တို့ဧည့်သည်ကို မှည့်တစ်ပေါက်အစွန်းမခံနိုင်ဘူး "



ဟု ဆိုကာ ပုပ္ပါးမယ်တော်ကို ဝင်ရောက်တိုက်ခိုက်လေတော့သည်။



ထိုအခါ မင်းနှစ်ပါးကပါ မယ်တော်ဘက်က ဝင်ရောက်တိုက်ခိုက်သလို၊ နတ်ပေစိကလည်း နတ်ကြီးတင်ရှိန်ဘက်မှ ပါဝင်တိုက်ခိုက်လေ၏။



နတ်ကြီး သိုက်ထွန်းကတော့ ရန်ပွဲကို ဝင်မပါဘဲ



" ဒီနယ်မှာ စွာကျယ်လုပ်နေတဲ့ အဘိုးကြီးနဲ့ ပိန်ညောင်ရိုး. . မယ်တော့်အစွမ်းကို ဘယ်လို မရှုမလှခံစားရမယ်ဆိုတာ အေးဆေးစောင့်ကြည့်ရတာပေါ့ "



ဟု ဆိုလျှက် လက်ကိုပိုက်ကာ ၎င်း၏ ယာဉ်ပေါ်မှ မိန့်မိန့်ကြီး ကြည့်နေလေသည်။



ရဲရင့်သူလည်း မိုးစက်ဝေ၏လက်ကို ဆွဲကာ ပထမဆုံးအနေဖြင့် မြင်ဖူးရသည်ဖြစ်သော နတ်တို့၏တိုက်ပွဲကို အထူးတဆန်း ကြောင်ကြည့်နေမိလေ၏။



ပုပ္ပါးမယ်တော်၏ အစွမ်းက မသေးလှ၊ သူမကိုင်ဆွဲသော ဒေါင်းမြီးယက်နှစ်လက်မှ ထုတ်လွှတ်နေသော အစိမ်းရောင် စွမ်းအင်တုံးများကို နတ်ကြီးတင်ရှိန်တို့ မနည်းခုခံနေကြရလေသည်။ ထို့အပြင် မင်းနှစ်ပါးကလည်း လစ်ရင်လစ်သလို ဝင်ရောက်တိုက်ခိုက်သေး၏။ ကြာသော် နတ်ကြီးတင်ရှိန်နှင့် နတ်ပေစိတို့ အရေးနိမ့်ကြမည့်ပုံ ပေါ်လာလေ၏။



ရဲရင့်သူလည်း မနေသာတော့။ မိုးစက်ဝေကို နတ်ကြီးသိုက်ထွန်းနှင့်ကော တိုက်ပွဲနှင့်ပါဝေးရာ ထနောင်းပင်တစ်ပင်အောက်သို့ဆွဲခေါ် ထားရစ်ခဲ့ပြီး တိုက်ပွဲသို့ဝင်ပါရန် ဟန်ပြင်လိုက်လေ၏။ ထိုစဉ်. ..



" အကို. .. ဘွဲ့ဖြူလက်နက်. .. "



" ဘောင်းး. .. ."



" အားး အကိုရေ. .. . . "



အဖြစ်အပျက်က မြန်ဆန်လွန်းလှပေ၏။ နတ်ကြီးတင်ရှိန်တို့ကို ရဲရင့်သူကူဖို့လှည့်အထွက်၊ ဝေါယာဉ်ပေါ်ရှိ နတ်ကြီးသိုက်ထွန်းက မိန်းမဉာဏ်သုံးကာ ရဲရင့်သူ၏ နောက်ကျောသို့ ဘွဲ့ဖြူလက်နက်ဖြင့် လှမ်းပစ်လိုက်လေသည်။ သို့သော် နတ်ကြီးသိုက်ထွန်းအား မျက်ခြေမပြတ်စောင့်ကြည့်နေသည့် မိုးစက်ဝေက ကြားမှဝင်ခံသဖြင့် ရဲရင့်သူကို မထိဘဲ မိုးစက်ဝေကိုထိလေတော့၏။



" မိုးစက် မိုးစက်. . "



ရဲရင့်သူလည်း ခွေခနဲလဲကျသွားသည့် မိုးစက်ဝေကို စိုးရိမ်တကြီး ဆွဲပွေ့လိုက်လေသည်။ မိုးစက်ဝေ၏ ဘယ်ဘက်ရင်အုံတစ်ခုလုံးတွင်တော့ အဖြူရောင်မီးခိုးတလူလူဖြင့် စုတ်ပြတ်ဖွာလန်ကျဲလျှက် ရှိလေတော့၏။



ဘွဲ့ဖြူလက်နက်ပေါက်ကွဲသံကြောင့် နတ်ကြီးတင်ရှိန်တို့လည်း တိုက်ပွဲကို ရပ်ကာ ရဲရင့်သူတို့ဘက်သို့ လှည့်ကြည့်ကြလေသည်။ ထို့နောက် နတ်ကြီးတင်ရှိန်နှင့် နတ်ပေစိတို့က မြင်းပေါ်မှ ကိုယ်စီဆင်းကြကာ ရဲရင့်သူတို့ထံသို့ ပြေးလာကြလေ၏။



" ဟာ. .ဘွဲဖြူလက်နက်. ..ခက်ပြီ "



" ရင်ဘတ်ကို မှန်တာပါကောလား. .. သမီးရယ်. .. "



နတ်ပေစိ၏ အထိတ်တလန့်ရည်ရွတ်သံ၊ နတ်ကြီးတင်ရှိန်၏ မချိတင်ကဲ ငြီးတွားသံ။



" ကို. .. မိုး မိုးစက် မနေရတော့ ဘူး. . နောင် နောင်ဘဝ ရှိရင် ကို့ ကို့ဆီ မိုးစက် မရောက် ရောက်အောင် ပြန် ပြန်. .. "



မိုးစက်ဝေ လေသံသဲ့သဲ့ဖြင့် အားယူပြောရင်း ရဲရင့်သူလက်ပေါ်၌ ငြိမ်ကြသွားလေသည်။

.

.

.

" တောက်. .. ခဗျား ဗျာ. .. "



မိုးစက်ဝေ၏ ငြိမ်သက်သွားသော ခန္ဓာကိုယ်လေးအား နတ်ပေစိလက်သို့ လွှဲပြောင်းပေးကာ ရဲရင့်သူ နေရာမှထခဲ့လေ၏။



" ခဗျားဗျာ. . ခဗျားဗျာ... .. .ခဗျားဗျာ. .

. . .ခဗျားဗျာ. ."



ကြေကြေကွဲကွဲ ထပ်ခါထပ်ခါ ရွတ်ဆိုလျှက် ယာဉ်ပေါ်ရှိ နတ်ကြီးသိုက်ထွန်း၏ မျက်နှာအား စူးရှလှသော မျက်လုံးအစုံဖြင့် မီးတောက်လုမတတ် စိုက်ကြည့်ရင်း ၎င်းထံသို့ ရဲရင့်သူ တစ်လှမ်းချင်းလှမ်းသွားနေလေသည်။ နတ်ကြီးသိုက်ထွန်းကတော့ အကြေနပ်ကြီး ကြေနပ်နေဟန်ဖြင့် မိန့်မိန်ကြီးပြုံးလျှက်



" ဟား ဟား ဟား. . သိပ်ချစ်ကြတယ်ပေါ့လေ။ မင်းကောင်မနောက် မင်းပါလိုက်သွား၊ မင်းဘာသာမင်း ဘာကောင်ဖြစ်နေနေ သိကြားမင်းချီးမြှင့်ထားတဲ့ ဘွဲ့ဖြူလက်နက်ကို အံမတုနိုင်ပါဘူး. . သေပေရော့. . "



ဟု ကြိမ်းဝါးကာ ရဲရင့်သူကိုပါ ဘွဲ ့ဖြူလက်နက်ဖြင့် ထပ်မံပစ်ခံရန် ဟန်ပြင်လိုက်လေသည်။ ( ဘွဲ့ဖြူလက်နက်ဆိုသည်မှာ အဝတ်ဖြူ အထူစကြီးကို ခေါက်ထားသကဲ့သို့ဖြစ်ပြီး ပစ်ခတ်လိုသူထံသို့ ကြာပွတ်ရှည်တစ်ချောင်းနှယ် ပစ်လွှတ်၍ ပြန်လည် ဆွဲယူရခြင်းဖြစ်သည်ဟု မှတ်သားရပါသည်။ လက်ကိုင်ပုဝါကိုခေါက်၍ ဖြန်းခနဲ ဆွဲရိုက်သည်နှင့် သဏ္ဍန်တူမည်ဟု ယူဆရ၏။ အင်မတန်အားပြင်းကာ လွန်စွာ စူးနက်နစ်ဝင်သော သဘောရှိမည်ဟု ယေဘုရသတ်မှတ်၍ ရနိုင်ပေသည်)



ရဲရင့်သူမှာမူ နတ်ကြီးသိုက်ထွန်း၏ကြုံးဝါးသံကို မကြားနိုင်တော့. . တစ်ကိုယ်လုံး ထူပူ၍နေလေပြီ။ ဒေါသမီးများ တဟုန်းဟုန်းတောက်သဖြင့် ပေါက်ထွက်လုမတတ်လည်း ပူလောင်လာလေ၏။ နောက်ဆုံးတွင် . .



" အေးး မင်းကိုအမှုန့်ခြေပြီး အရည်ဖျော်သောက်ပြမယ်၊ ပြီးရင် မင်းကို ဒီလက်နက်ပေးတဲ့ သိကြားမင်းရဲ့ ဝေဇယန္တာနန်းတော်ကိုပါ ခြေမနဲ့ ဆွဲနှုတ်မယ်ဟေ့ "



လွန်စွာကျယ်လောင်လှသော ကြိမ်းမောင်သံ အက်အက်ကွဲကွဲကြီးနှင့်အတူ ရဲရင့်သူကိုယ်မှ ရွှေရောင် အလင်းတန်းများ ဝုန်းခနဲထတောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်ထိန်သွားလေတော့သည်။



နတ်ကြီးသိုက်ထွန်းအပါအဝင် ရှိသမျှသူ အားလုံးလည်း မျက်လုံးကြိမ်းစပ်လှသဖြင့် မျက်နှာကိုလက်ဖြင့်ကွယ်သူကိုယ်၊ နောက်သို့ မျက်နှာလှည့်သူလှည့် ဖြစ်ကုန်ကြလေ၏။



အလင်းရောင်များငြိမ်သက်သွား၍ ရဲရင့်ရှိရာသို့ ပြန်လှည့်ကြည့်လိုက်ကြသောအခါ ရဲရင့်သူနေရာတွင် ရဲရင့်သူမဟုတ်တော့. .. .. ..

.

.

ရွှေရောင်မီးတောက်များ တဟုန်းဟုန်းတောက်နေသည့် ချပ်ဝတ်တန်ဆာအပြည့်ဖြင့် နတ်မင်းကြီးတစ်ပါး။ အရွယ်အစားမှာ သာမန်ထက် ဆယ်ဆမက ကြီးကျယ်မြင့်မားလှပြီး လက်တစ်ဘက်တွင် ရွှေရောင်မီးညွန့်များ တလူလူလွင့်နေသည့် မိုးကြိုးသွားသဏ္ဍာန်ဓားကြီးတစ်လက်ကို ကိုင်ဆွဲထားကာ၊ တဝီဝီလည်လျှက် ရွှေရာင်မီးလျှံများ တလိပ်လိပ်ထနေသည့် စင်္ကြာပုံ အဝိုင်းပြားကြီးတစ်ခုအား ကျန်လက်တစ်ဘက်ပေါ်၌တင်ထားလေ၏။ ထိုစင်္ကြာကြီးသည် လေထုတစ်ခုလုံးအား ဆွဲရမ်းလှုပ်ခါပြစ်နေသဖြင့် ဝန်ကျင်တစ်ခုလုံး လေများတဝုန်းဝုန်းကျဲကာ တသိမ့်သိမ့်တုန်ယီနေလေတော့သည်။



ပုပ္ပါးမယ်တော်တို့ စီးနင်းအပ်သော ကျား၊ မြင်း စသည့်သတ္တဝါများသည်လည်း ကြောက်လန့်တကြားဖြစ်ကြလျှက် ထိန်းမနိုင်သိမ်းမရ ခြေဦးတည့်ရာသို့ ထွက်ပြေးကြလေရာ. . ပုပ္ပါးမယ်တော်တို့သားမိ မြေပေါ်သို့ ပြုတ်ကြ ကြလေတော့၏။ မင်းနှပါးမှာ ဘီလူးခေါင်းများ ပျောက်ကွယ်ကုန်ကြပြီး မြေသို့ကျကျခြင်း နီးစပ်ရာ သစ်ပင်များနောက်သို့ ပြေးဝင်ပုန်းခိုကြလေသည်။ ပုပ္ပါးမယ်တော်မှတော့ မြေတွင်ကျုံ ့ကျုံ ့့လေးထိုင်ကာ နတ်မင်းကြီးအား ကြောင်၍ မော့ကြည့်နေလေ၏။



" ကဲကွာ. .. "



နတ်ကြီးသိုက်ထွန်းက ကြောက်အားလန် ့အားဖြင့် နတ်မင်းကြီးကို ဘွဲ့ဖြူလက်နက်ဖြင့် လှမ်းပစ်လေသည်။ သို့သော် နတ်မင်းကြီးထံသို့ မရောက်မှီပင် ဘွဲ့ဖြူလက်နက်မှာ ချက်ခြင်းပြာမှုန်များဖြစ်၍ ကြွေကြသွားလေ၏။



အလွန်တရာ ချောမောခန့်ငြားခြင်း နှင့် တင်းထန်မာကြောခြင်းတို့ ရောယှက်လျှက်ရှိသော မျက်နှာပိုင်ရှင် နတ်မင်းကြီးသည်ကား နတ်ကြီးသိုက်ထွန်း၏ဘဝကို အဆုံးသတ်ပေတော့မည်။



လွန်စွာမာန်မာလှသောကြိမ်းဝါးသံကြီးကို အော်မြည်ဟစ်ကြွေးလျှက်. . ရွှေရောင်မီးတောက်များ တဟုန်းဟုန်းတောက်နေသည့် လက်ထဲမှ မိုးကြိုးဓားကြီးကိုမြှောက်ကာ နတ်ကြီးသိုက်ထွန်းအား ခုတ်ပိုင်းရန် ချိန်ရွယ်လိုက်လေ၏။ ၎င်း၏ ကြုံးဝါးသံကြီးမှာ စာဖြင့်ရေးသားဖော်ပြခြင်းငှါ မစွမ်းသာ။ ကေသရာဇာ ခြငေ်္သမင်း၏ ဟိန်းဟောက်သံနှင့်လည်း ဆင်၏၊ နွားလားဥဿဖ တွန်သံနှင့်လည်း ဆင်၏၊ မြောက်မင်း အူသံနှင့်လည်း ဆင်ပြန်၏၊ ဇာမဏီငှက်ဖို၏တွန်ကျူးသံနှင့်လည်း ဆင်၏၊ နဂါးမင်း၏နှာမှုတ်သံနှင့်လည်း ဆင်၏၊ ဆန္ဒန်ဆင်မင်း အော်သံနှင့်လည်း ဆင်တူပြန်၏။



အနှီကြုံးဝါးဟိန်းဟောက်သံကြီးကြောင့် မိုးမြေ သိမ့်သိမ့်တုန်လေသည်။ ပုပ္ပါးမယ်တော် နှင့် သားတော်နှစ်ပါးမှာလည်း မြေတွင်ပြားပြားဝပ်ကာ အသားများတဆတ်ဆတ်တုန်သည်အထိ ကြောက်အားပိုကြလေတော့၏။



ဓားဖြင့်အရွယ်ခံရသူ နတ်ကြီးသိုက်ထွန်းမှာမူ လွန်စွာသွေးပျက်ခြောက်ခြားစွာဖြင့် ဆောက်တည်ရာမရဖြစ်ကာ ယာဉ်ပေါ်မှ ခုံဆင်းလျှက် ဘီးအောက်သို့ဝင်ပုန်းလေတော့သည်။



" ရပ်လော့ ဒကာတော်၊ ရပ်လော့။ ဒေါသရှေ ့မထားဖို့ ဘုန်းကြီး မေတ္တာရပ်ခံပါရစေ "



ကြည်လင်အေးမြလှသော အသံတော်။



အသံလာရာသို့ အားလုံးလှည့်ကြည့်လိုက်ကြရာ ရွာဦးကျောင်းဆြာတော်ကြီး ဦးသြဘာသကို ဖူးမြင်လိုက်ကြရလေတော့သည်။ ဆြာတော်ကြီးက စကားဆက်လေ၏။



" အမှန်တော့ ဒကာမလေးမိုးစက်ဝေဟာ အောင်လံမှာ ဒကာလေးသက်ဦးမောင်တို့ရဲ့ ဆွမ်းအလှူကို သာဓုခေါ်လိုက်ကတည်းက ဒီဘဝကနေ မြင့်ရာမြတ်ရာကို ပြောင်းရွှေ ့ရဖို့ အချိန်ကြနေပါပြီ။ သူ့ရဲ့မိဘတွေနဲ့ ဒကာလေးမောင်ရဲ့ရင့်ကို စွဲလန်းတဲ့စိတ်နဲ့သာ ဒီအထိဆက်ပါလာတာ။



ပြီးတော့ ဒကာလေးမောင်ရဲရင့်နဲ့ ဒကာမလေးမိုးစက်ဝေဟာ အတိတ်ရေစက်ကောင်းခဲ့ကြသူတွေဖြစ်လို့ နောက်နောင်သံသရာ တကွေ့ကွေ့မှာလည်း ပြန်လည်ဆုံဆည်းကြရဦးမှာပါကွယ်။ ဒီတော့ မသိဆိုးရွား မိုက်မှားခဲ့မိကြတဲ့ ဟောဒီက ဒကာတော်နတ်ကြီးသိုက်ထွန်းတို့ကို ဒကာတော်နတ်မင်းကြီးအနေနဲ့ ခွင့်လွှတ်ပေးဖို့ ဘုန်းကြီးက ကြားထဲကနေတောင်းပန်ပါရစေ။



အရာရာဟာ အကြောင်းကြောင့်အကျိုးဖြစ်ကြရတာပါ။ သူတို့လည်း သူတို့အပြစ်အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို အထက်နက်မင်းကြီးတွေဆီကနေ ခံယူကြရဦးမှာပါလေ။ "



ဆြာတော်ကြီး၏ စကားဆုံးသောအခါ ရွှေရောင်နတ်မင်းကြီးက စိတ်လျော့လိုက်ဟန်ဖြင့် လက်ထက်မှ လက်နက်များကို ဖျောက်ကွယ်ပစ်လိုက်ပြီး ဆြာတော်ကြီးအား လက်အုပ်ချီမိုးရှိခိုးကန်တော့လျှက် အရွယ်အစားမှာလည်း တဖြေးဖြေးပြန်လည်သေးငယ်လာလေသည်။ နောက်ဆုံးတွင် ရွှေရောင် အလင်းတန်းများဝင်းခနဲထွက်ပေါ်သွားကာ ရဲရင့်သူ ပြန်ဖြစ်သွားလေတော့၏။



ထိုအခါမှ နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော်နှင့် မင်းနှစ်ပါးတို့လည်း အသက်ဘေးကြောင့် ကြောက်အားကြီးစွာ ပုန်းအောင်းနေကြရာမှ ဖုတ်ဖက်ခါပြီး အသီးသီးထွက်လာကြပြီး



" တပည့်တော်တို့ မှားပါပြီဘုရား၊ တပည့်တော်တို့ကို ကယ်တော်မူပါ "



စသဖြင့် တောင်းပန်ငိုကြွေးကြလျှက် ဆြာတော်ကြီး၏ ခြေတော်ရင်းသို့ အပြေးဦးခိုက်ကြလေတော့သည်။



ဆြာတော်ကြီးက နတ်ကြီးသိုက်ထွန်းတို့အဖွဲ့ကိုငုံ့ကြည့်ကာ ဆုံးမသြဝါဒပေးလေသည်။



" ကဲ ကဲ. . ခုမှ ငိုမနေကြနဲ့တော့။ အသက်ရန်လည်းအေးပြီ။ သက်သက်သာသာနေကြ။ ဒကာတော်နတ်ကြီးသိုက်ထွန်းက စိတ်ရင်းကောင်းပါလျှက်နဲ့ သေရည်သေရက်ကို အချိန်ပြည့်သောက်သုံးနေတာမို့ စိတ်ဆင်ရိုင်းကို အသိဉာဏ်ချွန်းနဲ့မအုပ်စီးနိုင်ဘူး။ ကုသိုလ်အခံအကောင်းလည်းရှိတယ်၊ အမှန်တာဝတံ ိသာနတ်လောက်တော့အနည်းဆုံးဖြစ်ရမှာ၊ ဒီအရက်ကြောင့်ခက်နေတာ။ အဲ့တော့ ဒီအရက်ကို ဘုန်းကြီးကိုလှူတော့ "



" တင်ပါဘုရား။ ဘုရားတပည့်တော် ဒီအကျိုးမပေးလှတဲ့ အရက်သေစာကို တစ်သက်လုံးမသောက်စားတော့ပါလို့ ယခုချိန်ကစပြီး အရှင်ဘုရားကို တိုင်တည်လှူဒါန်းပါတယ်ဘုရား "



အမြင်မှန်ရသွားပြီဖြစ်သော နတ်ကြီးသိုက်ထွန်းအတွက် ဆြာတော်ကြီးက ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုတော်မူလေသည်။ ထို့နောက် ပုပ္ပါးမယ်တော်ဘက်သို့လှည့်ကာ



" ဒကာမကြီးကလည်း ကလေးတွေပြောတိုင်းမယုံနဲ့။ ဒီကလေးတွေက ဒကမာကြီးအလိုလိုက်လို့ ဆိုးသွမ်းနေကြတာ။ ခုနေမှ ကြပ်ကြပ်မတ်မတ်မအုပ်စည်းရင် နောင်မှာ ဒီ့ထက်ဒုက္ခရောက်ဖို့ပဲရှိတယ် "



ဟု သတိပေးမိန့်ဆိုပြန်လေရာ ပုပ္ပါးမယ်တော်လည်း မလိမ္မာဆိုးရွားမိုက်မှားသော သားတော်မင်းနှစ်ပါးကို သေခြာကြပ်မတ်ဆုံးမပါ့မည်ဟု ကတိပေးရလေတော့၏။



" အေး သာဓုကွယ် သာဓု သာဓု၊ နေရာတစ်နေရာ ဒေသတစ်ခုမှာ ငါသာအပိုင်စား ငါသာတန်ခိုးအကြီးဆုံး ငါပြီးမှပြီးရမှာ စသဖြင့် မာန်မာန ထောင်လွှားတတ်ကြရင် အဆုံးသပ်မှာ ဇာတ်သိမ်းမလှ ဖြစ်ကြရတတ်တယ်. .ဒါလေးကိုမှတ်ကြ။ ခု ဒကာကြီး ဒကာမကြီးတို့နဲ့ ပြသနာဖြစ်တဲ့ မောင်ရဲရင့်သူဟာ ဂရုကုသိုလ်ကံ အကြီးကြီးရှိတဲ့သူဖြစ်တယ်။ ယာမာနတ်ပြည်မှာ သူ့အတွက်ပေါက်နေတယ်လို့ ကုဝေရနတ်မင်းကြီးအပါအဝင် ဒကာကြီး ဒကာမကြီးတို့ အားလုံးထင်နေကြတဲ့ နန်းတော်ဟာ တကယ်တော့ အကြိုမုဒ်ဦးမျှသာ ရှိသေးတယ်။ တကယ်တမ်းသူရောက်ရှိနေထိုင်ရမည့် နတ်ပြည်က နိမ္မာနရတိ လို့အမည်ရသတဲ့။ နတ်ပြည်ခြောက်ထပ်မှာ ငါးထပ်မြောက်နတ်ပြည်ပေါ့ကွယ်။ တန်ခိုးအရာမှာ ပျော်မွှေ ့ကျွမ်းကျင်သော နတ်ပြည်လို့ အဓိပ္ပါယ်ရသကွယ့်။



ခုဏက မောင်ရဲရင့်ဖြစ်သွားတဲ့ နတ်မင်းကြီးပုံသဏ္ဍာန်ဟာ နိမ္မာနရတိနတ်တို့ရဲ့ အရှိန်အစွန်းမျှသာ ရှိသေးတာပါ။ တကယ်တမ်းသာ သူနဲ့တုပြိုင်မိကြရင် ဒကာကြီး ဒကာမကြီးတို့ ကိုယ်ကျိုးနည်းဖို့အကြောင်းသာ ရှိလေတော့ရဲ့။ ဒါ့ကြောင့်ဘုန်းကြီး လာတားရခြင်းဖြစ်ပါတယ်။



ခုတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပြီမို့ ဒကာကြီး ဒကာမကြီးတို့လည်း ကိုယ့်နေရာဌာနကို ကိုပြန်ကြွကြပေရော့။ နောက်နေ့ ဆိုင်ကယ်အဖွဲ့ ရေတွင်းအလှူရေစက်ချပွဲမှာ အားလုံးပြန်လာခဲ့ကြ။ အဲ့ဒီအခါကြမှ ဒကာတော်နတ်ကြီးသိုက်ထွန်းနဲ့ ဟောဟိုက ဒကာလေးရဲရင့်သူတို့ရဲ့ ကုသိုလ်ကံမတူကြပုံတွေကို သေခြာချဲ ့ဟောပြီး အားလုံးအတွက် မေတ္တာပို့ အမျှဝေပေးမယ်။ ကဲ ကဲ. . အားလုံးပြန်ကြတော့ "



ဆြာတော်ကြီးက အထက်ပါအတိုင်းအရှည်သဝေးမိန့်ကြားပြီး နောက်တစ်နေ ့အလှူတွင် ပြန်လည်ချိန်းဆိုလိုက်လေရာ နတ်ကြီးသိုက်ထွန်းတို့အဖွဲ့လည်း ဆြာတော်ကြီးကို ဝတ်ပြု၍ အသီးသီးပျောက်ကွယ်သွားကြလေတော့၏။ ဆြာတော်ကြီးလည်း ပြန်လည်ကြွချီသွားလေသည်။



ရဲရင့်သူတစ်ယောက် ဆြာတော်ကြီးအား ကပြာကယီဝတ်ပြုပြီး မိုးစက်ဝေထံသို့ ပြေးရလေတော့၏။ မိုးစက်ဝေမှာ နတ်ပေစိ၏လက်ပေါ်၌ တစ်ဆထက်တစ်ဆ ရွှေရောင်အမှုန်အမွှားများအဖြစ် ပျောက်ကွယ်လို့လာချေပြီ။



ရဲရင့်သူ နတ်ပေစိထံမှ မိုးစက်ဝေ၏ ခန္ဓာကိုယ်အား လက်ပြောင်းရယူ၍ ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။



" မိုးစက် မိုးစက် မိုးစက်ရေ. .. "



သို ့သော် ရဲရင့်သူ မျက်ရည်များတတောက်တောက်ကြလျှက် ပါးစပ်မှ အဆက်မပြတ် မချိတင်ကဲရေရွတ်နေဆဲမှာပင် မိုးစက်ဝေ၏ ခန္ဓာကိုယ်သည် ၎င်း၏ရင်ခွင်အတွင်းမှ အပျောက်ကြီး ပျောက်ကွယ်လို့သွားလေတော့၏။



" သွားလေဦးတော့မိုးစက်ရယ်. . သွားလေဦးတော့. .. "

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

နောက်နေ့မနက်. . ရွာဦးကြောင်းဓမ္မာရုံကြီးအတွင်းတွင် လူပရိတ်သတ်များစုံလင်စွာ ရောက်ရှိနေကြလေ၏။



၎င်းတို့သည်. . မနေ ့က ရေတွင်းအောင်သွားပြီးနောက် မိုးသက်လေပြင်းများကျကာ မိုးကြိုးများပြစ် လျှပ်စီးများလက်ကြောင်း၊ လက်သောလျှပ်စီးများမှာလည်း ပုံမှန်နှင့်မတူဘဲ အရောင်အမျိုးအစားစုံလင်လှကြောင်း၊ မိုးခြိမ်းသံကြီးများမှာလည်း မြေကိုတသိမ့်သိမ့်တုန်ဟီးစေလျှက် ကမ္ဘာပျက်တော့မည်ဟုပင်ထင်မှတ်ရကြောင်း၊ ထူးဆန်းသည်မှာ မိုးထဲလေထဲတွင် ဆြာတော်ကြီးကြွလာပြီး ထိုနေရာ၌ စကားအနည်းငယ်ပြောပြီးနောက် အရာအားလုံးပြန်လည်ငြိမ်သက်သွားကြကြောင်း၊ ဆြာတော်ကြီးမှာ လွန်စွာတန်ခိုးကြီးလှ၍ ရဟန္တာပင်ဖြစ်နိုင်ကြောင်း. .. စသည့် အကြောင်းအရာများကို အထူးတဆန်းပြောဆိုနေကြလေသည်။



ခေတ္တကြာသော် ဆြာတောကြီးကြွလာပြီဖြစ်၍ အသံဗလံများ တိတ်ဆိတ်ငြိမ်သက်သွားပြီး ဆြာတော်ကြီးက ၎င်းတို့အား သရဏဂုံနှင့် ငါးပါးသီလဆောက်တည်စေကာ စက်ရေတွင်းအလှူအတွက် အနုမောဓနာတရားဟောကြားလေ၏။ တရားဆုံးသော် ဆြာတော်ကြီးက. . ဗဟုသုတအနေဖြင့် လဟုကံနဲ့ ဂရုကံအကြောင်းကို ပြောပြမိန့်ဆိုမည့်အကြောင်း စကားစလိုက်ကာ. .



လဟုကံဆိုမှာ ပုံမှန်လုပ်ရိုးလုပ်စဉ် ကုသိုလ်၊ အကုသိုလ်ကံများဖြစ်ကြ၍ အကျိုးပေးမသန်ဘဲ သံသရာတလျှောက် ဖြေးဖြေးချင်းသာ အကျိုးပေးနိုင်ကြောင်း



ဂရုကံဆိုသည်မှာတော့ လွန်စွာအရှိန်အဟုန်ကြီးမားသောကံဖြစ်၍ လတ်တလောချက်ခြင်းလက်ငင်း ဝုန်းခနဲဒိုင်းခနဲ အကျိုးပေးနိုင်ကြောင်း၊ အကုသိုလ်အရာ၌ ပဉ္စာနန္ဒိယကံတို့သည် ဂရုအကုသိုလ်ကံမြောက်၍ ကုသိုလ်အရာ၌ ဓျာန်သမာပတ်ဝင်စားရာမှထသော ဘုရား ရဟန္တာ စသည်တို့ကို ဆွမ်းခဲဘွယ်ဘောဇဉ် များလောင်းလှူရခြင်းသည် ဂရုကုသိုလ်ကံမြောက်သော အကြောင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊



အဘယ်ကြောင့်ဆိုသော် ရဟန္တာမထေရ်မြတ်ကြီးများ. . ဖလ္လသမ္မာပတ် သို့မဟုတ် နိရောဓသမာပတ် စသည့် သမာပတ်တစ်မျိုးမျိုးဝင်စားကြလျှင် ခုနှစ်ရက်တိတိကြာလေ့ရှိလေရာ သမာပတ်မှထသည်ရှိသော် ဆွမ်းတစ်မျိုးမျိုးအလှူခံရရှိမှသာ ဆက်လက်အသက်ရှင်နိုင်မည်ဖြစ်ပြီး မရရှိခဲ့ပါမူ ပရိနိဗ္ဗာန်စံဝင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရဟန္တာကြီးများ၏ သက်တော်ကိုဆက်သော ထိုဆွမ်းအကျိုးသည် ဂရုကံမြောက်၍ ရွှေမိုးငွေမိုးရွာသွန်းဖြိုးသည်အထိပင် အကျိုးပေးသန်ကြောင်း



ဘုရားလက်ထက်တော်၌ ရဟန္တာမထေရ်မြတ်ကြီးများသည် ဈာန်သမာပတ်ဝင်စားပြီးနောက် သာသနာတော်ကိုကြည်ညို၍ စိတ်ထားမွန်မြတ်လှသော သူဆင်းရဲများထံသို့ ဆွမ်းခံကြွကာ ချီးမြှောက်လေ့ရှိလေရာ ထိုသူတို့မှာ ချက်ခြင်းပင်ကောင်းစာသွားကြကြောင်း၊



တခါသော် အဂ္ဂသာဝကမထေရ်မြတ်ကြီးတစ်ပါး( အမှတ်မသေခြာ၍ အမည်တော်မရေးတော့ပါ) သမာပတ်မှထစဉ် သိကြားမင်းက သူဆင်းရဲဟန်ဆောင်လျှက် ဆွမ်းခိုးလောင်းခဲ့သဖြင့် မထေရ်မြတ်ကြီးက .. သင်သည် နတ်စည်းစိမ်ကို အပြည့်အဝ ရရှိခံစားခွင့်ကြုံနေသည့် သိကြားမင်းဖြစ်ပါလျှက် သာသနာကိုကြည်ညိုကြသည့် ဆင်းရဲသားများအား မစာမနာပြု၍ အဘယ်ကြောင့် ဆွမ်းလုလောင်းခဲ့သနည်း. . ဟု အပြစ်တင်ပြောဆိုခဲ့ကြောင်း၊



ထိုအခါ သိကြားမင်းက. .. ၎င်းသည် နတ်တို့သနင်းသိကြားမင်းဖြစ်သော်လည်း ဂရုကံမရှိခဲ့သည်မို့ ကိုယ်ရောင်ကိုယ်ဝါပုံမှန်သာထွန်းလင်းနိုင်၍. . ဂရုကံရှိဖူးသော အခြားနတ်ကြီးများ၏ကိုယ်ရောင်နှင့်ယှဉ်လျှင် ပိုးစုန်းကြူးနှင့် မီးတောက်ကဲ့သို့ ကွာခြားလှသောကြောင့် လမ်းသွားလမ်းလာ ထိုနတ်ကြီးများနှင့်ဆုံတွေပါက ၎င်းမှာ ကွယ်ရာသို့ ပြေးလွှားပုန်းအောင်းနေရသည်မို့ ဤသို့ ဆွမ်းခိုးလောင်းမိခဲ့ပါသည်ဟု ဝန်ခံခဲ့ရကြောင်း. .



စသဖြင့် တရားနာပရိတ်သတ်ကို အစဉ်သနားခြင်းကိုအကြောင်းပြုလျှက် အပိုအဆစ် ဟောပြောမိန့်ကြားဆိုဆုံးမတော်မူလေသည်။



ထို့နောက် ဆြာတော်ကြီးက မေတ္တာပို့အမျှဝေတိုင်ပေးလေရာ. . ပုပ္ပါးမယ်တော် မင်းနှစ်ပါးနှင့် ရွာစောင့်နတ် နယ်စောင့်နတ်တို ့၏ အမည်များကိုပါရွတ်ဆို တိုင်တည်ပေးသဖြင့် အားလုံး တအံတသြလိုက်လံ ရွတ်ဆိုအမျှဝေကြရပြန်လေသည်။ အမျှဝေပြီးသော် ဆြာတော်ကြီးမှာ ၎င်း၏ကျောင်းဆောင်သို့ ပြန်လည်ကြွချီ သွားလေ၏။ ဗြောတီးပြီဖြစ်၍ ပရိတ်သတ်များ လည်း ကျောင်းမှ အသီးသီးထွက်ခွာသွားကြလေတော့သည်။ ကိုဇာနည်၊ ကိုရာဇာ တို့ဦးဆောင်ကြသော အလှူရှင် ဆိုင်ကယ်ချစ်သူများ၏ ရင်ထဲတွင်တော့ ဗြောသံနှင့်အတူ လှိုက်တက်လာသည့် အလှူတော်အတွက် ပီတိအဟုန်များက တလိပ်လိပ်ထလျှက်. . . ။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

ဆြာတော်ကြီး၏ ကျောင်းဆောင်အတွင်းသို့ ရဲရင့်သူ၊ နတ်ပေစိ၊ နတ်ကြီးတင်ရှိန်၊ နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော်နှင့် မင်းနှစ်ပါး၊ နတ်သမီး မစန်းမြင့် တို့ စုံညီစွာ ရောက်ရှိနေကြလေ၏။ ရဲရင့်သူမှအပ ကျန် နတ်များမှာ ဆိုင်ကယ်အဖွဲ့၏ ရေတွင်းအလှူကိုအကြောင်းပြုကာ သာဓုခေါ်ဆိုလိုက်ကြရ၍ တန်ခိုးအဆင့်အတန်းများ ကိုယ်စီကိုယ်ငှ တိုးပွားခြင်းအဖြစ်သို့ရောက်ရှိကြရာ လွန်စွာဝမ်းမြောက်လျှက် ရှိကြလေသည်။



" ကဲ. . ကဲ. .ခုဆိုရင် ရဟန္တာကြီးတစ်ပါးတည်းကို ဆွမ်းအတူတူကပ်လှူကြရပါလျှက်နဲ့ ဒကာလေးရဲရင့်သူနဲ့ ဒကာတော်နတ်ကြီးသိုက်ထွန်းတို့ ဘာလို ့အကျိုးပေးပုံချင်းမတူကြလဲဆိုတာ သဘောပေါက်ကြပြီမဟုတ်လား။ တကယ်တော့ ဒကာတို့ ဆွမ်းလှူခဲ့ကြတဲ့ မထေရ်မြတ်ကြီးဟာ ဘုန်းကြီးနဲ့ တရားကျင့်ဖော်ကျင့်ဖက် နောင်တော် ဦးစန္ဒိမာဆိုတဲ့ မထေရ်မြတ်ကြီးပဲ။



ဒကာတော်နတ်ကြီးသိုက်ထွန်းက သူအနိစ္စမရောက်ခင် ကံအားလျှောက်စွာ နောင်တော်ကြီးနဲ့တွေ့. .ဆွမ်းလောင်းလှူခွင့်ရခဲ့ပြီး ခုလိုနတ်ကြီးဘဝကို ရရှိခဲ့တယ်. . ဒကာလေးရဲရင့်သူကြတော့ ဒကာကြီးထက်ကံကောင်းပြီး နောင်တော်ကြီး သမာပတ်ကထလာစဉ်မှာ သူ့မှာရှိတဲ့ ဆွမ်းဘောဇဉ်တွေကို ဆပ်ကပ်လှူဒါန်းခွင့်ရခဲ့တယ်. . ဒီလိုတွေကွာခြားသွားတာပါ။



ခုဆိုရင် အားလုံးလည်း ကုသိုလ်ကံတွေရဲ့ အကျိုးပေးမှုသန်ပုံတွေကို ကောင်းကောင်းသဘောပေါက်ပြီး မကောင်းမှု အကုသိုလ်ကံတွေကိုရှောင်ကျဉ်လို့ ကုသိုလ်တရားတွေကို ရှေ့ဆက်ပွားများကြလိမ့်မယ်လို့ ဘုန်းကြီး ယုံကြည်ပါတယ်။ "



ဆြာတော်ကြီးက အထက်ပါအတိုင်း ဂဏနဃရှင်းလင်းမိန့်ကြားသဖြင့်. . ရဲရင့်သူတို့အားလုံးလည်း ရှေ့ဆက်၍ မကောင်းမှုအကုသိုလ်အမှုတို့ကို တတ်စွမ်းသမျှရှောင်ကျဉ်ကာ ကောင်းမှုကုသိုလ်တရားတို့ကို ဆထက်တပိုးကျိုးစားသယ်ပိုးပါမည်အကြောင်း ကတိပေးလိုက်ကြရလေ၏။ ထို့နောက် ဆြာတော်ကြီးက ရဲရင့်သူကို သီးသန့်မိန့်ကြားပြန်သည်။



" ဒကာလေး. .. ဒကာလေးက ခန္ဓာကိုယ်ထဲကိုပြန်ဝင်ဖို့ အချိန်ကျနေပြီ။ ဒီတော့ ခု ဘုန်းကြီးရဲ့ကျောင်းကထွက်တာနဲ့ ဒကာလေးရဲ့ ခန္ဓာကိုယ်ရှိရာ မန္တလေးမြို့ကိုသွားပြီး လူ့ဘဝကိုပြန်ယူလို့ ဘာသာသာသနာအကျိုး၊ လောကအကျိုး တွေကို ဆထက်တမ်းပိုးသယ်ပိုးပေရော့. .. ။ ဒကာမလေးမိုးစက်ဝေအတွက်လည်း ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့တော့. . .ဒကာလေးနဲ့သူနဲ့က ရှေးဘဝအဆက်ဆက်က ရေစက်ကြီးခဲ့ကြတဲ့သူတွေမို့ ကံမကုန်ရင်တာ့ တစ်နေ့ပြန်ဆုံကြရမှာပေါ့ကွယ် "



" တင်ပါ့ဘုရား. .. "



ရဲရင့်သူလည်း ဆြာတော်ကြီးမိန့်မှာသည့်အတိုင်း ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ပါတော့မည်အကြောင်း ဝန်ခံလျှောက်ထားကာ ဆြာတော်ကြီးအား ရိုသေစွာဦးသုံးကြိမ်ချလိုက်လေ၏။



" အေးး သာဓု ကွယ် သာဓု သာဓု. .. "



ထိုအချိန်တွင် နတ်ကြီးတင်ရှိန်က



" ဆြာတော့်ကို တပည့်တော်မေးလျှောက်စရာတစ်ခုရှိပါတယ်ဘုရား "



ဟုစကားပုလ္လင်ခံလိုက်ပြီး



" နတ်ကြီးသိုက်ထွန်းနဲ့ မောင်ရဲရင့်တို့ ဆွမ်းလောင်းခွင့်ရခဲ့ကြတဲ့ ဆြာတော်ဦးစနိ္ဒမာဟာ ရဟန္တာမထေရ်မြတ်ကြီးဖြစ်တယ်ဆိုရင် တရားကျင့်ဖက်ဖြစ်တဲ့ ဆြာတော်ကြီးကကော. . ."



ဟုဆိုကာ စကားမဆက်တော့ဘဲ ဆြာတော်ကြီး၏ မျက်နှာတော်ကိုသာ မော်ဖူးလျှက်ရှိလေရာ ဆြာတော်ကြီးက ခပ်မိန့်မိန့်ပြုံးရင်း ဆိတ်ဆိတ်နေကာ ဝန်ခံတော်မူလေသည်။



အားလုံးလည်း လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ကြရ၍ ဆြာတော်ကြီး၏ ခြေဖမိုးတော်ကို ပီတိများစွာဖြင့် အသီးသီးဦးတင်ရှိခိုးလိုက်ကြလေတော့၏။

.

.

.





အမြင့်ကြောက်သော ငှက်