" ဆိုင်ကယ်မုန်းသော အညာသူ " အပိုင်း ၇


.

.

အမြင့်ကြောက်သော ငှက်

.

.

.

.



ဆြာတော်လည်း ပြန်ကြွသွားလေသည်။ ကိုသက်ဦးမောင်တို့မိသားစုက ခြံဝအထိ လိုက်ပါပို့ဆောင်ကြလေ၏။ ချစ်ခြင်း မုန်းခြင်း ကင်းသောခံစားချက်ဖြင့် အနှီမြင်ကွင်းကို မိုစက်ဝေ ကြည့်နေမိလေသည်။



" လာ မိုးစက်ဝေ. .ကိုတို့လည်းသွားကြမယ်။ ကားပေါ်ရောက်မှ ကိုသက်ဦးမောင်ရဲ ့အကြောင်း ထပ်ပြောကြတာပေါ့.."



ကိုရဲရင့်က ပြန်ဖို့ရန် သူမကိုဆော်သြနေခြေပြီ။ မိုးစက်ဝေလည်း ခေါင်းတစ်ချက်ငြိမ့်ပြကာ ကိုရဲရင့်နှင့်အတူ ကားရှိရာသို့ ထွက်ခွာခဲ့ကြလေတော့၏။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

" ပြည်က အကို့ရဲ့မိတ်ဆွေဆြာ ဝပ်ရှော့ဆြာကိုရာဇာကို အကြောင်းပြုပြီး ကိုသက်ဦးမောင်နဲ့ အကို ခင်မင်သိကျွမ်းခဲ့ကြတယ်။ ကိုသက်ဦးမောင်ဟာ တကယ်တော့ ညီမထင်သလို ဟော့ဟော့ရမ်းရမ်းသမားမဟုတ်ပါဘူး။ အင်မတန်စည်းစနစ်ကြနပြီး အလုပ်တစ်ခုကို မထိမခိုက်အောင် မလျော့မပါးအောင် သေသေခြာခြာလုပ်ကိုင်တတ်တယ်။ ကိုယ်ခြင်းစာတရားလည်းအင်မတန်ရှိတယ်။



အကိုသိရသလောက်တော့ သူက အထည်ကြီးပျက်မိဘနှစ်ပါးကဆင်းသက်လာတာ။ အကိုနဲ့ သူနဲ့ ခင်မင်တဲ့အချိန်မှာ ဖအေကြီးမရှိတော့ဘူး၊ မအေကြီးပဲကျန်တော့တာ။ ကိုသက်ဦးမောင်က သူဝါသနာပါတဲ့ ဝပ်လျော့ပညာ၊ ဆိုင်ကယ်ဝယ်ရောင်းအလုပ်တွေနဲ့ အဖွားကြီးကို လုပ်ကိုင်ကြွေးမွေးနေတယ်။ သူ့မှာက ခင်ထားဝေ ဆိုတဲ့ ငယ်ချစ်တစ်ယောက်လည်းရှိတယ်။ ခုနက အကိုတို့တွေ့ခဲ့ကြတဲ့ အမျိုးသမီးပေါ့။



ဒါပေမယ့် သူအိမ်ထောင်ပြုမယ်ကြံကော အဖွားကြီးက မခင်ထားဝေကို အရင်သူတို့ဆီမှာလုပ်သွားတဲ့ အလုပ်သမားရဲ့သမီးမို့လို့ ဆိုပြီး တောက်တောက်ခါးခါးကို ငြင်းဆန်တော့တာပဲ။ တကယ်ဆို အဲ့ဒီအချိန် မခင်ထားဝေတို့က သူတို့ထက် အဆများစွာ ပိုရှိနေကြပြီလေ။ သို့သော် အဖွားကြီးကမရဘူး. .ဘာမဟုတ်တဲ့မာနတွေခံပြီး မခင်ထားဝေကို လက်မခံခဲ့ဘူး။



အဲ့လိုလက်မခံတဲ့အပြင် အဖွားကြီးက သူ့သားကို မခင်ထားဝေနဲ့ ငြားသွားမှာစိုးလို့ သူနဲ့ရင်းနီးတဲ့ မင်းမျိုးမင်းနွယ်ထဲက. . သစ်သစ်မင်း ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကိုသက်ဦးမောင်ကို အတင်းစီစဉ်ခဲ့တယ်။ ကိုသက်ဦးမောင်က အတန်တန်ငြင်းပေမယ့် မအေတစ်ခုသားတစ်ခုဖြစ်နေတာကတစ်ကြောင်း၊ အဖွားကြီးမှာ နှလုံးရောဂါရှိတာက တစ်ကြောင်းကြောင့် မိခင်ရဲ့သဘောကို မလွန်ဆန်နိုင်ဘဲ မသစ်သစ်မင်းကို လက်ထပ်လိုက်ရတယ်။ အဲ့ဒီမှာတင် မခင်ထားဝေလည်း အရမ်းကြေကွဲပြီး နိုင်ငံခြားကိုထွက်သွားတော့တာပဲ။



အချစ်မပါဘဲ တည်ဆောက်ခဲ့ကြတဲ့ ကိုသက်ဦးမောင်တို့အိမ်ထောင်ရေးဟာ အေးတိအေးစက်နိုင်ခဲ့ကြတယ်။ ကိုသက်ဦးမောင်က အိမ်ထောင်ဦးစီးတာဝန်ကို ကြေပြွန်အောင်ထမ်းဆောင်ခဲ့ပေမယ့် မသစ်သစ်မင်းကတော့ အတော်ကို ဘော်ဘော်ကျော့ကျော့နေထိုင်ခဲ့တယ်၊ ဒီလိုနဲ့ နှစ်နှစ်လောက်အကြာမှာ ကိုသက်ဦးမောင်ရဲ့ဘဝထဲကို ချစ်စရာသမီးလေးတစ်ယောက်ဝင်လာခဲ့တယ်။ သမီးလေးရလာပြီဆိုတော့ မသစ်သစ်မင်းအချိုးပြောင်းသွားလိမ့်မယ်လို့ ကိုသက်ဦးမောင်က မျှော်လင့်တာပေါ့။ ဒါပေမယ့် မပြောင်းပါဘူး၊ မသစ်သစ်မင်းရဲ့ အချိုးက အရင်အတိုင်းပဲ။



နောက်ထပ် တစ်နှစ်ခွဲ လောက်အကြာမှာ ကိုသက်ဦးမောင်ရဲ့အမေ ဆုံးတယ်။ မိခင်မရှိတော့တဲ့နောက်ပိုင်း ကိုသက်ဦးမောင်ဟာ မိသားစုကို ပိုဂရုစိုက်လာပြီး ပိုပြီးနွေးနွေးထွေးထွေးဆက်ဆံလာခဲ့တယ်။ မသစ်သစ်မင်းကတော့ ကိုသက်ဦးမောင်နဲ့ပြောင်းပြန်။ အဖွားကြီးမရှိတော့ လွတ်လပ်ရေးရပြီဆိုတဲ့ အထာနဲ့ ပိုပြီး လျှပ်ပေါ်လော်လီလာတယ်။ သူ့မိဘတွေလည်း သူ့ကို ပြောလို့မနိုင်တော့ဘူး။



ကိုသက်ဦးမောင်ရဲ့အလုပ်သဘာဝကလည်း မြဝတီသွားလိုက်၊ ဆိုင်ကယ်ပွဲတွေသွားလိုက်၊ ဝယ်လက်ဆီ ဆိုင်ကယ်သွားပို့လိုက်. .စသဖြင့် ခရီးမကြာခဏထွက်နေရတယ်ဆိုတော့ မသစ်သစ်မင်းက ပိုဆိုးလို့ကောင်းနေတော့တာပေါ့။ နောက်ပိုင်း သမီးလေးရှိလျှက်နဲ့ကို ဟိုလူနဲ့ သို့သိုးသန့်သန့် ဒီလူနဲ့ဘာလိုလို သတင်းတွေ ကြားလာရတယ်။ အဲ့လိုအခြေအနေတွေရောက်တာတောင် ကိုသက်ဦးမောင်က ကောလဟာလတွေကိုမယုံဘဲ သူ့မိန်းမအပေါ်မှာ ဝတ္တရားမပျက်ခဲ့ဘူး။ ဒါ့အပြင် သမီးလေးရဲ့ကျန်းမာရေးကို အကြောင်းပြုပြီး ကိုသက်ဦးမောင်ခမြာ အလုပ်နဲ့အသွားအလာတွေကို တတ်နိုင်၍ လျော့ချလာတယ်။



သမီးလေးမှာက မကြာခဏဆိုသလို သွေးပေါင်ထိုးကျတတ်တဲ့ မွေးရာပါ ထူးဆန်းတဲ့သွေးအားနည်းရောဂါပါလာတယ်လေ။ ဒီလိုဖြစ်လာရင် သွေးသွင်းပြီးကုသရတယ်။ သွေးသွင်းဖို့ကြပြန်တော့လည်း သမီးလေးနဲ့အဆင်ပြေတဲ့သွေးကအရှားသား၊ အောင်လံတစ်မြို ့လုံးလိုက်ရှာတောင် အတော်ရှာလို့မလွယ်ဘူး။ သူ့အမေ သွေးနဲ့လည်းမတူဘူး။ ကိုသက်ဦးမောင်ရဲ့ သွေးတစ်မျိုးတည်းနဲ့ပဲ အဆင်ပြေတယ်။ ဒါ့ကြောင့် ကိုသက်ဦးမောင်က ခရီးတော်ရုံမသွားတော့တာ။



ဒါပေမယ့် . . ပုဂံပွဲကြတော့ ပွဲကြီးသလောက် ဆိုင်ကယ်သမား အတန်းအလွှာအကုန်လာမယ့်ပွဲဖြစ်တာမို့ ဝါသနာအရကော အသက်မွေးဝမ်းကြောင်းအရပါ မသွားမဖြစ်ကို သွားသင့်တဲ့ပွဲ ဖြစ်နေတာကတစ်ကြောင်း၊ ကိုသက်ဦးမောင်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိုရာဇာနဲ့ ကိုဇာနည်တို့ကလည်း အဖော်စပ်ကောင်းတာကတစ်ကြောင်း၊ သမီးလေးရဲ့ ကျန်းမာရေးကလည်း အတော်ကို စိတ်ချရတဲ့အနေအထားကိုရောက်နေတာကတစ်ကြောင်း. . ကြောင့် ကိုရာဇာတို့နဲ့အတူ ကိုသက်ဦးမောင် ပုဂံပွဲကို တက်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာတင် သူ့ရဲ့ ကြမ္မာရဟတ် တစ်ပါတ်လည်ဖို့ အကြောင်းဖန်လာတော့တာပဲ။

.

.

.

ကိုသက်ဦးမောင် အိမ်မှာမရှိတာကို အခွင့်ကောင်းယူလို ့ မသစ်သစ်မင်းဟာ ကျန်းမာရေးစိတ်မချရတဲ့ အခါလည်ကျော်သမီးလေးကိုပြစ်ပြီး နောက်လင်နောက်လိုက်သွားပါလေကော။ အဲ့ဒီအချိန်မှာပဲ သမီးလေးကလည်း ကောက်ကာငင်ကာ ရောဂါဖောက်ပါပြန်တယ်၊ သူ့အမေကိုမတွေ့တော့တာလည်း ပါမှာပေါ့လေ။



အိမ်မှာကူလုပ်တဲ့ ဒေါ်ကြီးတင်ဆီကနေ ဒီအကြောင်း ဖုန်းဝင်လာတာမို့ ကိုသက်ဦးမောင်တစ်ယောက် ပုံဂံကနေ အောင်လံကို အမြန်ပြန်ဖို ့ဖြစ်လာခဲ့တယ်။ ညပိုင်းစတိတ်ရှိုးပွဲမှာ ကဲထားကြတော့ ကိုရာဇာနဲ့ ကိုဇာနည်တို့က ပွဲပန်းပြီး အိပ်မောကြနေကြပြီလေ။ ဒါကြောင့် ကိုသက်ဦးမောင်က ဘော်ဒါတွေကို မနှိုးတော့ဘဲ တစ်ယောက်တည်း ဒုန်းဆိုင်းခဲ့တော့တာ။ တွေးကြည့်ပေါ့ ညီမရယ်. .အဲ့ဒီအချိန် ကိုသက်ဦးမောင်ရဲ့ရင်ထဲမှာ ဘယ်လောက်မြန်း ပူပန်ဗျာပါဆိုက်နေမလဲ၊ ဗလာင်ဆူနေလိုက်မလဲ ဆိုတာကိုပေါ့။



သူ လင့်ဝတ္တရားကြေကြေနဲ့ မိသားစုကို ကောင်းကောင်းမွန်မွန်ရှာဖွေကြေမွေးနေပါလျှက်နဲ့ ခွေးထက်မိုက်တဲ့မိန်းမက သူမရှိချိန် ရောဂါသည်သမီးလေးကိုစောင့်ရှောက်ရမယ့်အစား၊ ပြစ်ပြီး မြောက်ဇာတ်ခင်းသွားတယ်၊ သမီးလေးကလည်း သွေးအားကတဖြေးဖြေးနည်းလာပြီး သွေးသွင်းဖို့လိုအပ်နေပြီ၊ အဲ့သွေးကလည်း သူ့ကိုယ်ထဲမှာက လွဲရင် အခြားနေရာမှာ ရှာဖို့မလွယ်ဘူး။ ကိုသက်ဦးမောင် အိမ်ကိုအမြန်ပြန်ရောက်ချင်နေတာ လွန်လား၊ မနက်ဗွေလီဗွေလင်း လူခြေတိတ်ချိန် ဆိုင်ကယ်ကိုဒုန်းဆိုင်းမောင်းခဲ့တာ သူ့အပြစ်လား. .



ဒါပေမယ့် သူကော၊ ညီမပါ ကံဆိုးခဲ့ကြတယ်။ ညီမနဲ့ သူနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး သူလည်း အိမ်ပြန်မရောက်ဘဲ ဆေးရုံရောက်. . ပေါင်တစ်ဖက်ဖြတ်လိုက်ရ၊ ညီမလည်း ခုလိုဘဝကိုရောက်ရတော့တာပဲ . . ."



" ဟင်. . ဒါ ဒါဆို သမီးလေးက ဘယ်လို ဆက်ဖြစ်လည်းဟင်၊ အချိန်မှီ သွေးမသွင်းရရင် . . ."



မိုးစက်ဝေက ရဲရင့်သူ ဇာတ်စုံခင်းပြသည့် ကိုသက်ဦးမောင်၏ အတိတ်ဇာတ်လမ်း၌ မြောပါသွားသည့်ဟန်။ ကိုသက်ဦးမောင်အား ယခင်လို စိတ်နာဖို့၊ ရန်ပြုဖို့နေနေသာသာ ၎င်း၏သမီးလေး ရှေ့ဘာဆက်ဖြစ်မည်ပိုပင် သိချင်စိတ်စောနေလေ၏။သူမ မျက်နှာတွင်လည်း ကိုသက်ဦးမောင်အတွက် စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များ ယှက်သန်းနေလေသည်။



" ပြောမှာပေါ့ မိုးစက်ရယ်၊ ပြောပြမှာပေါ့. . သမီးလေးက အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ မရဏတွင်းဝကနေ လက်မတင်လေး လွတ်မြောက်လာနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ ဒီလို...

.

.

အမေကလည်း ပစ်သွား၊ ကိုသက်ဦးမောင်ကလည်း အချိန်မှီရောက်မရောက် မသေခြာဆိုတော့ ဒေါ်ကြီးတင်က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးပေါ့။ ကိုသက်ဦးမောင်တို့အမျိုးတွေဆိုတာလည်း သူတို့ရှိခဲ့တုန်းကသာ ကပ်စားခဲ့ကြတာ၊ တကယ်တမ်းအကူအညီလိုတော့ ဘာမှလောက်လောက်လားလား အဖြစ်မရှိကြဘူးလေ။ နောက်ဆုံး ဒေါ်ကြီးတင်က ကြံရာမရတာနဲ့. . ကိုသက်ဦးမောင်နဲ့ မခင်ထားဝေတို့ရဲ့ ချစ်ဇာတ်လမ်းကို သိထားသူပီပီ. . အရင်နေ့ကမှ နိုင်ငံခြားကပြန်ရောက်လာတဲ့ မခင်ထားဝေ ဆီကို အကူအညီသွားတောင်းခဲ့တယ်။



မခင်ထားဝေက ပင်ကိုယ်စိတ်ထားအရမ်းလှတာ။ သူ့ဆီကိုဒေါ်ကြီးတင်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ကိုသက်ဦးမောင်ကို စိတ်နာနေတာတွေ၊ မသစ်သစ်မင်းအပေါ် နာကြည်းမုန်းတီးနေတာတွေ ဘေးချိတ်ပြီး သမီးလေးဆီကို အရောက်ပြေးတော့တာပဲ။ ချက်ခြင်းဆိုသလို ဆေးရုံကားခေါ်၊ ပြည်အထိ တက်ကုခဲ့ကြတယ်။



သမီးလေးအရမ်းကံကောင်းသွားတယ်။ ပြည်ရောက်လို့ စစ်ဆေးကြည့်လိုက်တော့ မခင်ထားဝေရဲ့သွေးနဲ့ သမီးလေးနဲ့က ကွက်တိကြီးကို အဆင်ပြေနေတော့တာ။ ကိုသက်ဦးမောင်ရဲ့သွေးထက်တောင် ထပ်တူကျသေးတယ်ဆိုပဲ။ ရှေးရေဆက်အကြောင်းကံတွေလို့ပဲ ဆိုကြရမှာပေါ့လေ။ ဒါနဲ့ မခင်ထားဝေ ရဲ့သွေးနဲ ့သမီးလေး အသက်ဘေးက လွတ်မြောက်ခဲ့တယ်။



မိဘတွေကလည်း ပိုက်ဆံရှိ၊ သူကိုယ်၌ကလည်း နိုင်ငံခြားမှာ စုမိဆောင်းမိဖြစ်လာပြီမို့ မခင်ထားဝေက ဟိုကိုပြန်မသွားတော့ဘူး။ သမီးလေးကို ပြုစုစောင့်ရှောက်ရင်း ဒီမှာပဲ နေလိုက်တော့တယ်။



သမီးလေးလည်း ပြန်ကျန်းမာလာကော မခင်ထားဝေ အိမ်ကကားနဲ့ သမီးလေးကိုပါခေါ်ပြီး ကိုသက်ဦးမောင်ရှိတဲ့ ညောင်ဦးဆေးရုံကိုလိုက်ခဲ့ကြပြန်တယ်။ ကိုသက်ဦးမောင်ကိုလည်း မခင်ထားဝေကပဲ အစစအရာရာ တာဝန်ယူပြီး ကုရတာပေါ့။



ဒီလိုနဲ့ ကိုသက်ဦးမောင်နဲ့ မမခင်ထားဝေ တို့ ပြန်နီးစပ်သွားကြပြီး နောက်ဆုံး ပြန်လည်ပေါင်းထုတ်သွားကြတယ်လို့ပဲ တိုတိုပြောရတော့မှာပေါ့။ နဂိုလ်ကတည်းကလည်း မုန်းလို့ ကွဲခဲ့ကြတဲ့သူတွေမှ မဟုတ်တာလေ. . ချစ်လျှက်နဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ဝေးခဲ့ကြရတာပဲကိုးး "

.

.

ရဲရင့်သူ စကားဆုံးသောအခါမှ မိုးစက်ဝေလည်း သက်ပြင်းချသွားလေ၏။ ထို့အပြင်



" အင်းလေ. . ကိုယ့်ဘက်ကကောင်းပါလျှက်နဲ့ မိန်းမက သစ္စာမဲ့ ဖောက်ပြန်သွားလို့ မခံမရပ်နိုင်အောင် ဒေါသထွက် ခံစားနေရတဲ့ကြားက. . သမီးလေးရဲ့ သေရေးရှင်ရေးမှာပါထပ်ပြီး အသက်လုနေရတဲ့ ဖခင်တစ်ယောက်ရဲ့ စိုးရိမ်သောကကို မိုးစက် ခံစားနိုင် ကိုယ်ချင်းစာနိုင်သွားပါပြီ။ ကိုသက်ဦးမောင်အပေါ်မှာလည်း အငြိုးအမှတ်တွေ မုန်းတီးနာကြည်းမှုတွေ မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူတို့မိသားစုတွေ ခုလို ချစ်ချစ်ခင်ခင်ပျာ်ပျော်ရွှင်ရွှင် ဖြစ်နေကြတာကို တွေ့ရတာကိုကပဲ မိုးစက်အတွက် တန်ရာတန်ကြေးပြန်ရလိုက်သလိုပါပဲရှင်. . ။ "



ဟူ၍ပင် ခွင့်လွှတ် ဝမ်းသာစကား ဆိုပြန်သေးသည်။



" သြော်. .မိုးစက်ဝေရယ်. ."



ရဲရင့်သူလည်း ရုပ်ကလေးချောသလောက် သဘောဖြူသည့် အညာသူလေး၏ မျက်နှာလှလှလေးကို ပီတိအပြုံးဖြင့် ခပ်စူးစူးလေးစိုက်ကြည့်နေမိလေတော့၏။

.

.

" . .အကို။ ဒါနဲ့ မိုးစက်မေးရဦးမယ်။ ဆိုင်ကယ်အဖွဲ့တွေ ဆိုင်ကယ်ပွဲတွေဆိုတာ ဘယ်လိုဟာမျိုးတွေလည်းဟင်၊ ဘာရည်ရွယ်ချက်နဲ့ အဖွဲ့တွေဖွဲ့ပြီး၊ ပွဲတွေလည်း လုပ်နေကြရတာလည်း။ မိုးစက်နားမလည်လို့ နဲနဲလောက်ရှင်းပြပါလား "



မိုးစက်ဝေက အမေးရှိလာလေပြီ။ ရဲရင့်သူအနေနှင့် ဤသို့သော မွေးခွန်းမျိုးအားကြိုဆိုလေ၏။ မိုးစက်ဝေ တစ်ယောက် ဆိုင်ကယ်သမားများနှင့် ဆိုင်ကယ်လောကအပေါ် တောက်တောက်ခါးခါး ဖြစ်နေရာမှာ စိတ်ဝင်တစားရှိလာသည့် လက္ခဏာတစ်ရပ်ပင်မဟုတ်ပါလား။ ထို့ကြောင့် ရဲရင့်သူလည်း သူမကိုစိုက်ကြည့်နေရာမှ ဟက်ခနဲတစ်ချက်ပြုံးလိုက်ပြီး



" ဒါကို ညီမနားလည်အောင်ပြောရရင် အကိုတို့တိုင်းပြည်မှာ ဆိုင်ကယ်ဘီးကြီးစီးတဲ့ ယဉ်ကျေးမှု ထွန်းကားလာတာကနေစပြီး ပြောရတော့မှာပဲ "



ဟု စကားပုလ္လင်ခံကာ မိုးစက်ဝေနားလည်အောင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြလိုက်လေတော့၏။



ဆိုင်ကယ်ဘီးကြီးတွေစီးပြီး ခရီးသွားကြတဲ့ ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာမှာထွန်းကားနေပြီဖြစ်သလို နောက်ပိုင်း တဖြေးဖြေးနဲ့ မြန်မာပြည်ကိုလည်း အဲ့ဒီယဉ်ကျေးမှု ရောက်လာခဲ့တယ်။ ခရီးသွားတာပဲ ကားနဲ့သွားပေါ့၊ ဘာလို့ ဆိုင်ကယ်နဲ့သွားလည်း လို့မေးစရာရှိပေမယ့်. .. မတူဘူး. .. လွတ်လပ်တာ၊ စိတ်သွားတိုင်းကိုယ်ပါတာ၊ ရင်ခုန်လှုပ်ရှားရတာ တွေမှာ ကွာတယ်။



အဲ့လို ဆိုင်ကယ်တွေနဲ့ ခရီးသွားကြတဲ့အခါ ဆိုင်ကယ်တစ်စီးတည်း နှစ်စီးတည်းသွားတာထက် အဖွဲ့လိုက် အုပ်လိုက်သွားတာက . .ပိုပြီး ပျော်စရာကောင်းတယ်၊ ပိုပြီး လုံခြုံမှုရှိတယ်၊ လမ်းမှာ ကြုံတွေလာရမယ့် ပြသနာတွေကို ဝိုင်းဝန်းဖြေရှင်းနိုင်တယ်။ ဒါ့ကြောင့် ဆိုင်ကယ်သမားတွေဟာ ဆိုင်ကယ်အဖွဲ့တွေ ဖွဲ့လာကြပြန်တယ်။



ဆိုင်ကယ်အဖွဲ့တွေဖြစ်လာတော့ ဆိုးတဲ့သွမ်းတဲ့ သူတွေစုပြီးရင် ပိုမို ဆိုးသွမ်းကြ၊ ပျော်တတ်ပါးတတ်တဲ့သူတွေ စုမိကြတော့ ပိုပြီးပျော်လိုက်ကြ၊ လှူတဲ့တမ်းတဲ့လူတွေ စုမိကြပြန်တော့ ပိုပြီးလှူလိုက်တန်းလိုက်ကြ အဲ့ဒီလိုတွေကွဲပြားကုန်ကြပြန်ကော. . ဒါက ကမ္ဘာမှာ။ အကိုတို့ မြန်မာနိုင်ငံမှာကြတော့ နဂိုလ်ကတည်းကလည်း သဒ္ဓါတရားကကောင်းတဲ့လူမျိုးဖြစ်ပြန်၊ ဘာသာတရားတွေရဲ့ ဆုံးမအားတွေကလည်း ကောင်းကြပြန်တာကြောင့် ဟော့ရမ်းဆိုးသွမ်းတဲ့ ဆိုင်ကယ်အဖွဲ့ဆိုတာ မရှိသလောက်နည်းပါးကြပြီး၊ အားလုံးလိုလိုဟာ အလှူအတမ်းနဲ့ အပျော်အပါးဘက်ကိုပဲ စိတ်ပါဝင်စားကြတယ်။



မြန်မာပြည်က ဆိုင်ကယ်အဖွဲ့တွေဟာ လိုအပ်တဲ့ မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေ၊ စာသင်ကျောင်းတွေ၊ ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့ ကျေးရွာတွေ. .စတဲ့နေရာတွေကို တတ်စွမ်းသမျှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းကြရင်း ဆိုင်ကယ်စီးတဲ့ အနှစ်သာရကို ရှာဖွေကြတယ်။ အဲ့လို စုပေါင်းပြီးလှူဒါန်းတော့ လှူရတဲ့လူတွေမှာ တစ်ဦးချင်းတစ်ယောက်ချင်း လှူရတာလောက် ဝန်မပိစေဘူး၊ ဝန်မပိတော့ မကြာခဏ လှူနိုင်တာပေါ့။အလှူခံပုဂ္ဂိုလ်တွေအနေနဲ့ကြပြန်တော့လည်း အဖွဲ့လိုက်လှူတဲ့ အလှူကို ရကြတာမို့ ပိုများများရကြတယ်။



ဆိုင်ကယ်ပွဲ ဆိုတာကတော့ အဖွဲ့မရှိ အဖွဲ့မဝင်တဲ့ဆိုင်ကယ်သမားတွေကော၊ ဆိုင်ကယ်အဖွဲ့တွေပါ တွေ့ဆုံကြတဲ့ မိတ်ဆုံပွဲပဲ။ ဆိုင်ကယ်ပွဲမှာ ဆိုင်ကယ်ချစ်သူတွေဟာ တွေ့ကြ ဆုံကြ မိတ်ဆက်ကြတယ်၊ ခင်မင်ချစ်ကြည်မှုတွေ ပိုမိုတိုးပွားလာကြတာ၊ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စက်ပိုင်းဆိုင်ရာ ဗဟုသုတတွေ. .ဈေးကွက်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို တစ်ယောက်တစ်ပြန်လည်ဝေငှကြတယ်၊ စတိတ်ရှိုးပွဲတွေ သွင်းကြ သောက်ကြစားကြပျော်ပါးကြတယ်၊ သို့သော် အချင်းချင်းရန်မဖြစ်ကြဘူး. .ပြသနာမတက်ကြဘူး။ ပြီးရင် . . ပွဲစီစဉ်သူတွေ ကြိုတင်ရှာဖွေထားတဲ့ လိုအပ်တဲ့တစ်နေရာရာကို သွားရောက်လှူဒါန်းဖို့ အလှူငွေတွေ စုပေါင်းထည့်ဝင်ကြတယ်။



ဒါ အကိုတို့မြန်မာပြည်က ဆိုင်ကယ်သမားနဲ့ ဆိုင်ကယ်အဖွဲ့တွေရဲ့အကြောင်းပဲ ညီမရဲ့. . ."

.

.

" ဟင်. .ဒါဆို ဘိုက်ကာဆိုတာ လူသွမ်း လူရမ်းကြီးတွေထင်ရပေမယ့် တကယ်တော့ ဆိုင်ကယ်စီးရင်း ပရဟိတ လုပ်နေကြတဲ့ လူပျော်ကြီးတွေပေါ့နော်. .. "



ရဲရင့်သူရှင်းပြသည်ကို မိုးစက်ဝေ နားလည်ဟန်တူသည်။ အံ့လည်း အံ့သြနေပုံရ၏။ ရဲရင့်သူလည်း အခြေအနေကောင်းလာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမအမေးကို ဝမ်းမြောက်ဝမ်းသာ ဆက်လက်ဖြေကြားလိုက်လေသည်။



" ဒါပေါ့ မိုးစက်ရဲ့။ အများစုဟာ တကယ့်စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ လူပျော်ကြီးတွေပါ။ ဒီအထဲ စုန်းပြူးလေးနဲနဲပါးပါးတော့ ပါတာပေါ့ကွယ်။ ဒါကလည်း အချင်းချင်းထိန်းသွားကြတာမို့ အရမ်းကြီး ဆိုးဆိုးဝါးဝါးဆိုတာ ဖြစ်ခဲပါတယ်။ "



မိုးစက်ဝေမှာ ရဲရင့်သူ၏ အဖြေစကားကို နားထောင်ရင်း တစ်စုံတရာကိုစဉ်းစားဟန်ဖြင့် တွေဝေနေလေ၏။ ခေတ္တကြာသောအခါမှ



" အကို.. မိုးစက်တို့ ရွာကအထွက် တွေ့ခဲ့ရတဲ့ ဆိုင်ကယ်အဖွဲ့က ရွာကိုသွားကြတာလားမသိဘူးနော် "



ဟု ဆိုင်းမဆင့်ဗုံမဆင့်ထမေးလေသည်။ အမှန်ပြောရလျှင် ထိုအဖွဲ့ ဘယ်ကိုသွားမည်ကို ရဲရင့်သူလည်းသေခြာမသိ။ ထို့ကြောင့် သူမအား ပြုံးပြလိုက်ပြီး



" ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ညီမရဲ့၊ ဘာဖြစ်လို့လည်း "



ဟု မတင်မကြပင် ပြန်ပြောလိုက်ရလေ၏။



" အင်းး ဘာရယ်မဟုတ်ပါဘူးအကိုရယ်၊ သူတို့အဖွဲ့ မိုးစက်တို့ရွာကိုလာပြီး စက်ရေတွင်းတူးပေးတာ ဆိုရင် သိပ်ကောင်းမှာပဲ လို့ တွေးမိလို့ပါ "



သူမ၏ အဖြေစကား၌ အားငယ်ခြင်းနှင့် မျှော်လင့်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေကြောင်း ရဲရင့်သူ ရိပ်စားမိလေသည်။ ထို့ကြောင့် ဆိတ်ဆိတ်နေ၍သာ သူမစကားအဆက်ကို စောင့်နေလိုက်လေ၏။



" ရွာမှာက ရေအရမ်းရှားတယ်လေ။ သောက်ရေသုံးရေအတွက် ရွာပြင်က ကန်ကြီးဆီ နေပူကျဲတဲထဲ အတော်ဝေးဝေးသွားခပ်ကြရတာ။ ပိုက်ဆံရှိတဲ့ နှစ်အိမ်လောက်မှာ ရေတွင်းတွေရှိကြပေမယ့် သူတို့ဖာသာသူတို့ သုံးလောက်အောင်တောင် ရေကမထွက်ချင်ဘူး။ ရွာကိုဝေမျှပေးဖို့ကတော့ မစဉ်းစားနဲ့တော့ပေါ့။



နတ်ကြီးဦးတင်ရှိန်နဲ့ နတ်ပေစိတို့ကလည်း..ဒါ လူတွေရဲ့ ကံအကြောင်းတရားနဲ့ဆိုင်တယ်၊ သူတို့ရဲ့အကြောင်းတရားကို တို့ကဖန်တီးမပေးနိုင်ဘူး သူတို့ကိုယ်တိုင်ဖန်တီးမှ ရမှာ ဆိုပြီး ရေရှားပါးတဲ့ပြသနာမှာ ဝင်မပါကြဘူး။ တစ်ခါတော့ ရွာကလူတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်တာနဲ့ နတ်ပေစိကို မိုးစက်အတင်းပူဆာကြည့်တာ. .. ရွာရဲ့ အောက်မှာ ကျောက်ဖျာရှိတယ်၊ အဲ့ကျောက်ဖျာအောက်မှာ ရေတွေမှ အများကြီးပဲ၊ ဒါပေမယ့် ကျောက်ဖျာကို ပေါက်အောင်တူးနိုင်ဖို့က ခေတ်မှီနည်းပညာတွေ ပညာရှင်တွေ လိုတယ်၊ ငွေလည်းအတော်ကုန်မယ်. . လို့ ပြန်ရှင်းပြတယ်လေ။



နတ်ပေစိပြောပြတဲ့ အချက်အလက်တွေအရဆိုရင် ရွာသူရွာသားတွေအနေနဲ့က လုံးဝ မဖြစ်နိုင်တော့မှန်းသိလို့ မိုးစက်လည်း အသာငြိမ်နေလိုက်ရတော့တယ်။ ခု ဆိုင်ကယ်ဖွဲ့က ပညာရှင်တွေခေါ်လာပြီး ကျောက်ဖျာပေါက်သည်အထိ စက်ရေတွင်းတူးပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲရှင်။ အဲ့လို ဖြစ်ပါစေတော်. ."



ရဲရင့်သူလည်း ရုပ်ကလေးချောသလောက် စိတ်ထားမွန်မြတ်လှသည့် သူမအား ချစ်စိတ် သနားစိတ်တို့ဖြင့် အချိန်အတော်ကြာအောင် ရီဝေဝေတွေကြည့်နေမိပြန်သည်။ ထို့နောက်တွင်မှ သူမအား ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်ပြီး



" အဲ့လိုပဲ ဖြစ်မှာပါ မိုးစက်ရယ်. .. ခုနေအခါ မဖြစ်နိုင်သေးရင်တောင် ကိုယ်လူ့ဘဝကိုပြန်ရောက်တာနဲ့ ဘော်ဒါဆိုင်ကယ်သမားတွေကိုစု စက်တွေ အင်ဂျင်နီယာတွေငှါးပြီး ချော့တော်မျက်ပြေ ကို နောက်တစ်ခေါက် အရောက်ပြန်ခဲ့ပါ့မယ်ကွယ်. .. "



ဟု ခပ်တိုးတိုးလေး နှစ်သိမ့်ရေရွတ် လိုက်မိလေတော့၏။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

ချော့တော်မျက်ပြေသို့အရောက်. . ရဲရင့်သူတို့ကား ရွာထဲသို့မဝင်ရသေးခင်မှာတင် နတ်ပေစိက ကားရှိရာသို့ ခုန်ကာပေါက်ကာဖြင့် ပြေးလာလေ၏။ တစ်ကိုယ်လုံးတွင်လည်း ရေများတုတ်တုတ်ရွှဲနေလေသည်။ ထို ့အပြင် ရွာထဲ၌ အိုးစည်ဒိုးပါတ်သံများ လွင့်ပျံနေသည်ကိုလည်း ကြားရလေ၏။ ရဲရင့်သူတို့လည်း နတ်ပေစိကို အကျိုးအကြောင်းမေးမြန်းဖို့ ကားပေါ်မှဆင်းခဲ့ကြလေရာ .. . .



" ရွာထဲမှာ ရေရပြီမိုးစက်ဝေရေ. .စက်ရေတွင်းဗျ စက်ရေတွင်း. . . ရွာလူကြီး ဦးဘစီတို့အိမ်ရှေ့မှာတူးတာ. . ရေအောင်လိုက်တာမှ မိုးပေါ်ကို တောင်ထောင်ပန်းတယ်. .. ဘယ်လောက်ဝမ်းသားစရာကောင်းလည်း. ."



ဟု ရဲရင့်သူတို ့မမေးရခင် ၎င်းက ဦးအောင် ဆီးပြောလေသည်။



" ဘယ် ဘယ်လို. .စက်ရေတွင်းရပြီ ဟုတ်လား. .သေခြာပြောပြစမ်းပါဦး ကိုပေစိရယ် "



ရဲရင့်သူလည်း နတ်ပေစိတို့နှင့် ထပ်တူအမျှ ဝမ်းသာလှ၍ အကြိုးအကြောင်းသေခြာသိရအောင် ထပ်မံမေးမြန်းလိုက်လေရာ နတ်ပေစိက



" ဒီလို ဆြာလေးရဲ့. ."



ဟု စကားစလျှက် ရဲရင့်သူတို့ ခရီးသွားနေကြစဉ် ရွာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အာပေါင်အာရင်းသန်သန်ဖြင့် အောက်ပါအတိုင်း ပြောပြလေတော့၏။



" ကျုပ်တို့ မန်းလေးကိုအသွား မနက်ဗွေလီဗွေလင်းရွာကစထွက်တော့ တွေ့ခဲ့တဲ့ ဆိုင်ကယ်အဖွဲ့လေ။ ရေတွင်းက သူတို့တူးလှူကြတာပေါ့။ သူတို့ကရေတွင်းတူးလှူဖို့ကို နဂိုလ်ကတည်းက သူကြီးဘစီနဲ့ တိုင်ပင်ပြီး ကြံစည်နေကြတာ။ စက်တွေ ဘာတွေလည်း အစောကတည်းကပို့ထားပြီးသား၊ ကျုပ်ကသာ ခုတလော ရွာဘက်ကို သိပ်စိတ်မရောက်လို့ မရိပ်မိတာ။



သူတို့အဖွဲ့ကိုခေါင်းဆောင်တာက ကိုဇာနည်နဲ့ ကိုရာဇာတဲ့၊ နောက်ပြီး ဒီစက်ရေတွင်းဖြစ်မြောက်ဖို့ကို မတည်ပေးတဲ့ အလှူရှင်လည်းရှိသေးတယ်။ သူကတော့ ဟော့ဒီက မိုးစက်ဝေနဲ့ မတော်တဆမှုဖြစ်သွားခဲ့တဲ့ ကိုသက်ဦးမောင်ဆိုတဲ့သူပဲ။ ကိုသက်ဦးမောင်က ခြေထောက်တစ်ဖက်လုံးလုံးဖြတ်လိုက်ရတာကတစ်ကြောင်း သူ့ကြောင့်မိုးစက်ဝေ အသက်ဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်သွားတာကတစ်ကြောင်းကြောင့် သူ့တစ်သက် ဘယ်တော့မှ ဘီးကြီးမစီးတော့ဘူး။ ဒါ့ကြောင့် သူ့ရဲ့သူငယ်ချင်းအရင်းတွေဖြစ်တဲ့ ကိုဇာနည်နဲ့ ကိုရာဇာတို့ ကိုအကူအညီတောင်းပြီး ဒီရွာမှာ ခုလို စက်ရေတွင်းလာလှူပေးတာတဲ့လေ။



သူကိုယ်တိုင်မလိုက်နိုင်တာမို့ စက်ရေတွင်း ရေစက်ချလှူပြီး သူ့အစား မိုးစက်ဝေကို အမျှဝေပေးဖို့ သူ့ဘော်ဒါတွေကို သေခြာမှာလိုက်သတဲ့။ သူကတော့ ခုထက်ထိ မိုးစက်ဝေရဲ့ဝိဉာဉ်ကိုကော မိုးစက်ဝေမိဘတွေကိုပါ မျက်နှာမပြရဲတာကြောင့် အိမ်မှာပဲ ဝမ်းနည်းပက်လက် ကျန်ခဲ့လေရဲ့။



ကျုပ်လည်း မန်းလေးက ပြန်ရောက်ရောက်ချင်း ကျုပ်ကိုတိုင်တည်ပြီး ပွဲထိုးထားတာတွေ ့လို့ ဝင်ကြည့်လိုက်တော့ ရေတွင်းတူးနေကြတာ တစ်ဝက်လောက်တောင် ရောက်နေပြီ။ စက်တွေကလည်းကောင်း ၊ သူတို့အဖွဲ့မှာက အင်ဂျီနီယာတွေ၊ ရေအရင်းအမြစ်ပညာရှင်တွေကလည်း ပါဆိုတော့ တူးရတာ အဆင်ပြေချက်ဗျာ။ နှစ်ရက်သုံးရက်ပဲတူးလိုက်ပုံ ရတယ်။ ဆြာလေးတို့ရောက်မလာခင် နာရီဝက်လောက်ကတင် ရေတန်းထွက်တော့တာပဲ။



ရေထွက်လာပြန်တော့လည်း မျက်နှာလွှဲခဲ့ပြစ် မထားခဲ့ပြန်ဘူး။ ရေခုတ်ဖို့ စက်တွေဘာတွေအစ သူတို့တာဝန်ယူပြီး တပ်ကြဆင်ကြပြန်တယ်။ ရွာက မောင်းဆီပဲဆိုက်ပေါ့။ ဒါတောင်သူတို့က ရွာကို မောင်းဆီ တစ်ပေပါလှူလိုက်သေး။ တကယ့်ကို စေတနာသဒ္ဓါတရားထက်သန်တဲ့ လူတွေပါ ဆြာလေးရယ်။



ခုလို ရေရသွားတာကိုတော့ ကျုပ် အရမ်းလည်း ဝမ်းသာသလို သူတို့အဖွဲ ့ကိုလည်း အရမ်းကိုကျေးဇူးတင်မိတယ်။ မြေအောက်မှာ ရေကြောရှိပါလျှက်နဲ့ ဒီရွာရေရှားနေတာကို ဒီအတိုင်းထိုင်ကြည့်နေရတာ ကြာလှပြီ။ လူတွေရဲ့ကံကြမ္မာကို နတ်တွေဝင်မစွက်ဖက်ရဆိုတဲ့ နတ်စည်းကမ်းအရ ကျုပ် ဘာမှ လုပ်မပေးသာဘူး။ ခုတော့ လူတွေရဲ့ကံကြမ္မာကို လူထဲက လူတွေဖြစ်တဲ့ ဆိုင်ကယ်သမားတွေကပဲ ဖန်တီးပေးလိုက်ကြတာ အားလုံးစိုပြေအေးချမ်းသွားကြပြီ. . "



နတ်ပေစိ၏ စကားကြောင့် ရဲရင့်သူလည်း လွန်စွာ ဝမ်းမြောက်ပျော်ရွှင်သွားလေသည်။ မိုးစက်ဝေမှာလည်း ရဲရင့်သူထက်ပင် ပိုပျော်နေပုံရလေ၏။



" ဒီလို ကိုပေစိရဲ့၊ ကျတော်တို့ အောင်လံကိုသွားခဲ့ကြတာလည်း မိုးစက်ဝေနဲ့ ကိုသက်ဦးမောင်ရဲ့ကြားထဲက အကျိတ်အခဲကို သွားဖြေရှင်းကြတာ။ ခုတော့ မိုးစက်ဝေကလည်း ကိုသက်ဦးမောင်ရဲ့ စိတ်ရင်းမှန်နဲ့ ဘဝမှန်ကိုသိပြီး အားလုံးကို ခွင့်လွှတ်ကြေအေးပေးလိုက်ပြီ။ အားလုံး ပြေပြေလည်လည် ဖြစ်သွားပြီ။ ဒါကြောင့် ကိုသက်ဦးမောင်ကိုယ်စား သူ့ဘော်ဒါ ဆိုင်ကယ်အဖွဲ့က အမျှဝေပေးမယ်ဆိုရင် မိုးစက်ဝေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ပြီပေါ့ဗျာ. . ဟုတ်ဘူးလားမိုးစက်. "



ရဲရင့်သူက နတ်ပေစိကိုရှင်းပြရင်းမှ မိုးစက်ဝေဘက်သို့ လှည့်မေးလိုက်ရာ မိုးစက်ဝေက အသာပြုံး၍ ခေါင်းလေးငြိမ့်ပြလေသည်။ ထို့နောက် ရဲရင့်သူက. .



" ဟိုနေ့က ဗွေလီဗွေလင်း ဘယ်သူတွေမှန်းမသိလိုက်လို့။ တကယ်တော့ ကိုဇာနည်နဲ့ ကိုရာဇာ က ကျတော်နဲ့အရမ်းရင်းနီးတာ။ တကယ့် သဘောကောင်းတဲ့ လူပျော်ကြီးတွေ။



ကဲ. .ပြေနေကြာတယ်. .လာဗျာ။ သူတို့အလှူတော်အတွက် ဒီလူတွေ ဘယ်လောက်ပျော်နေကြလည်း ကျတော်တို့သွားကြည့်ကြရအောင်။ ကျတော်တို့လည်း ရောပျော်ကြရတာပေါ့. ."



ဟု ဆိုင်ကယ်အဖွဲ့ရှိရာ စက်ရေတွင်းသို့သွားရန် လောဆော်လိုက်လေ၏။ ထိုအခါ နတ်ပေစိက လက်နှစ်ဖက်ကိုမြှောက်၍ ၎င်း၏ ခန္ဓာကိုယ် ကပိန်ညှိုးကပိန်ညှောင်ပေါ်ရှိ နတ်ဝတ်နတ်စားများ ရေစိုရွှဲကပ်နေသည်ကိုပြရင်း



" မှန်တာပေါ့ ဆြာလေးရယ်. .ပျော်ကြတာပေါ့။ ကျတော်ဆို သူတို့နဲ့ရောပျော်ပြီး ရေပက်တဲ့အထဲဝင်ကမိလို့ ခုလို စိုရွှဲလာတာသာကြည့်ပေတော့ "



ဟု ရဲရင့်သူကို ထောက်ခံစကားဆိုလေသည်။ ရဲရင့်သူနှင့် မိုးစက်ဝေလည်း နတ်ပေစိ၏ ဖြစ်ပုံကို သဘောကြ၍ တဟားဟားရယ်မောကြလျှက် သုံးယောက်သား ရွာထဲဘက်သို့ ခပ်မြန်မြန် လျှောက်ခဲ့လိုက်ကြလေတော့၏။

.

.

.

.

.

မှန်ပေသည်။ ဦးဘစီ၏အိမ်ရှေ့၌ အားလုံးပျော်နေကြလေပြီ။ ပိုက်များ၊ စက်များတပ်ဆင်ပြီးဖြစ်၍ နတ်ပေစိပြောသလို ရေများထောင်ပန်းမနေတော့သော်လည်း ကိုဇာနည်နှင့် ကိုရာဇာတို ့က ပိုက်တစ်ယောက်တစ်ချောင်းကိုင်ကာ ပျော်ရွှင်စွာကခုန်နေကြသော လူအုပ်အားရေဖြန်းနေကြလေ၏။ ထိုလူအုပ်ထဲတွင် ဆိုင်ကယ်သမားများလည်း ပါသလို၊ ရွာသူရွာသားများလည်းပါလေသည်။



၎င်းတို့နှင့် မနီးမဝေးတွင်တော့ ဆိုင်ကယ်ဘီးကြီးမျိုးစုံ တန်းစီရပ်ထားကြပြီး ထိုဆိုင်ကယ်များ၏နောက် မကျည်းပင်ရိပ်တွင်နေရာယူကာ ဒိုးပါတ်ဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်နေလေ၏။ သူကြီးဘစီ၏ အိမ်ရှေ့ ကဲလားအတွင်းတွင်တော့ သူကြီးကတော်နှင့်အဖွဲ့မှ ကောက်ညှင်းပေါင်းများဝေနေကြလေသည်။



မိုးစက်ဝေတစ်ယောက် ထိုပျော်စရာမြင်ကွင်းအား ရဲရင့်သူနှင့်အတူရပ်ကြည့်နေရာမှ က နေသော လူအုပ်ထဲသို့ လက်ညှိုးညွှန်ပြီး



" ဟိုမှာမောင်လေး ပါလား "



ကောက်ညှင်းပေါင်းဝေနေသော မိန်းမကြီးများထဲသို့ကြည့်၍



" ဟယ်. .ဟိုမှာ အမေရယ်တော့်.."



စသဖြင့် ရေရွတ်ပြောဆိုကာ မပျော်နိုင်ဘဲ ဝမ်းပမ်းတနည်း ဖြစ်နေရှာလေတော့၏။ ထို့ကြောင့် ရဲရင့်သူလည်း သူမ၏လက်ကိုကိုင်ကာ



" ဝမ်းနည်းစရာတွေ တွေးမနေပါနဲ့တော့ မိုးစက်ရယ်။ မိုးစက်မိဘတွေနဲ့ မိုးစက်က ဘဝခြားသွားပြီလေ။ ဒါအမှန်တရားပဲ။ ဒါကိုလက်ခံနိုင်ရမယ်။ ဖြစ်သမျှ အကြောင်းကို မကောင်း ကောင်းတဲ့ဘက်ကနေ တွေးကြည့်ကြရအောင်လား မိုးစက်ရယ်. .ဟုတ်ဘူးလား . .။ ခုဆို ရေရလို ့သူတို့ ပျော်နေကြပြီ။ သူတို့ပျော်ကြတော့၊ အကိုတို့လည်း ပျော်ရတာပေါ့။ ကဲ . လာပါ ၊ စိတ်ညစ်တာတွေ ခဏားထားပြီး ရင်ထဲပေါ့သွားဖို ့ ကလိုက်ကြရအောင်။ "



ဟု စိတ်ဖြေစကားဆိုလျှက် လူအုပ်နှင့်အတူ ဝင်ရောက်ကခုန်ဖို့ရန် သူမကို ဆွဲခေါ်ခဲ့လိုက်လေတော့သည်။

.

.

ရဲရင့်သူ၊ မိုးစက်ဝေ၊ နတ်ပေစိတို့ သုံးယောက်သား လူအများနှင့်အတူ ပျော်ပျော်ပါးပါး ရောနှောကခုန်လိုက်ကြပြီး ဆယ်မိနစ်ခန့်အကြာတွင် . .အားလုံး ကရခုန်ရသည်ကို ပင်ပမ်းသွားကြဟန်ဖြင့် ရေစက်ပိတ်ကာ ဒိုးပတ်ဝိုင်း သိမ်းလိုက်ကြလေသည်။ ကောက်ညှင်းပေါင်းလည်း ကုန်ပြီဖြစ်၍ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ရန် ပြင်ဆင်ကြစဉ်... ရုတ်တရက် မိုးမှောင်ကြသွားပြီး လေပြင်းများပါ တဝေါဝေါ တိုက်ခတ်လာလေတော့၏။



" ဟာ. .ဘယ်နှယ့်ဟာလည်း. .



မိုးမှောင်ကြီးချက်ခြင်းကျလာပါလား



မုန်တိုင်းတိုက်တော့မယ်ထင်တယ်



အိမ်အမြန်ပြန်ကြဟေ့



အိမ်တွေထဲဝင်ကြ



ဆိုင်ကယ်ဆြာလေးတွေ လာလေ ဒီထဲကိုဝင် "



အထက်ပါအတိုင်း တစ်ယောက်တပေါက် အော်ဟစ်ပြောဆိုကြရင်း ပစ္စည်းပစ္စယများကို ကပြာကယီသိမ်းဆည်းကြပြီး ၎င်းတို့နှင့်ဆိုင်ရာ အိမ်အသီးသီးသို့ လူအများ ဝင်ရောက်သွားကြလေရာ အချိန်တိုအတွင်းမှာပင် ထိုနေရာ၌ ရှင်းလင်းတိတ်ဆိတ်သွားလျှက် ရဲရင့်သူတို့ သုံးယောက်သာ ကျန်ရစ်ခဲ့တော့၏။



" အခြေအနေမကောင်းဘူး. ."



အသံကြားရာသို့ လှည့်ကြည့်လိုက်ကြလေရာ နတ်ကြီးဦးတင်ရှိန်ကို တွေ့လိုက်ကြရလေသည်။



" ဟုတ်တယ် အခြေအနေမကောင်းဘူး "



နတ်ပေစိကပါ နတ်ကြီးဦးတင်ရှိန်၏စကားအား ဤသို့သံယောင်လိုက်၍ ပြောနေပြန်၏။



ရဲရင့်သူလည်း ၎င်းတို့အပြန်အလှန်ပြောဆိုနေကြသည်ကို သိချင်လှသောကြောင့်



" ဘာ ဘာ အခြေအနေမကောင်းတာလည်းဗျာ. .ကျတော့်ကိုလည်း ပြောကြပါဦး. ."



ဟု ကပြာကယီ မေးမြန်းလိုက်လေရာ. . နတ်ပေစိက သက်ပြင်းတစ်ချက် ဟူးခနဲမှုတ်ထုတ်လိုက်ပြီး ရဲရင့်သူ၏အမေးကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားလိုက်လေတော့၏။



" နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော် နဲ့ မင်းနှစ်ပါးတို့ လာနေကြပြီ။ ဒီတစ်ခါတော့ သူတို့မှာရှိသမျှအစွမ်း အကုန်ထုတ်တိုက်ကြမယ့်ပုံပဲ. . ပြသနာအကြီးကြီးတော့ တက်တော့မယ်ဆြာလေးရေ. . "

.

.

.

ဆက်ရန်



အမြင့်ကြောက်သော ငှက်