မင်းသားကြီး အပိုင်း ၁၀


အမြင့်ကြောက်သော ငှက်





အလှူ တစ်ခုဝင်ဖို့ရှိလို့ နောက်မှ လိုက်လာခဲ့မယ်ဆိုတဲ့ ပြည့်စုံအောင် ကလွဲရင် ကျန်တဲ့သူတွေအားလုံးစုံနေကြပြီ။ ဝိုင်းဖွဲ့ စားလိုက်သောက်လိုက် ရယ်လိုက်မောလိုက်နဲ့ ရွှေရတီလည်း သူတို့နဲ့ရောပြီး ရည်ရွယ်ရင်းကိစ္စကိုတောင် ခပ်မေ့မေ့ဖြစ်နေတော့တာ။





မင်းသားအိုက်တင်တွေ အမျိုးမျိုးသရုပ်ဆောင်ပြနေတဲ့ ဟိန်းသူကို ကိုစိုင်းတံခွန်က သူ့ရဲ့ပုံ သရုပ်ဆောင်ပြပါလို့ ပွဲတောင်းတဲ့အခါ ပထမပိုင်းတော့ ငြင်းရှာတယ်။ နောက်ပိုင်း အားလုံးကလည်းဝိုင်းပြော ကာယကံရှင် ကိုစိုင်းတံခွန်ကလည်း ကြေကြေနပ်နပ်ကြီး အခွင့်ပေးနေတာကြောင့် ဟိန်းသူတစ်ယောက်လည်း ဖိုးကြိုင်းတုတ်ဖြစ်ပြီး ကိုစိုင်းတံခွန်ရဲ့ ပြောဟန်ဆိုဟန်တွေ အိုက်တင်တွေကို အမူအရာအမျိုးမျိုးနဲ့ လုပ်ပြပါလေကော။ ကိုစိုင်းတံခွန်က သူ့ရဲ့ အဝတ်အစားတွေသွားယူပြီး ပေးလိုက်တော့ ဟိန်းသူလည်း ပိုပြီးအကြိုက်တွေ့နေတော့တာပေါ့။





ဟိန်းသူ အဲ့ဒီလို လုပ်ပြနေတာကို ရွှေရတီ သေခြာစောင့်ကြည့်နေတုန်း ကိုစိုင်းတံခွန်နဲ့ ဝေယံက သူမရှိနေတဲ့ဘက်ကို မသိမသာလှည့်ပြီး ဘယ်လိုလည်းဆိုတဲ့ အကြည့်တွေနဲ့ သူမကို ကြည့်ကြတယ်။ ရွှေရတီက ခေါင်းခါပြလိုက်တော့ ကိုစိုင်းတံခွန်က အစီအစဉ် တမျိုးပြောင်းတဲ့အနေနဲ့ အခန်းမီးကို မှိန်လိုက်ပြီး





'' ကုတ်အင်္ကျီ ဝတ်ကွာ . . အလုပ်ကနေ အိမ်ပြန်လာတဲ့ အိုက်တင်လုပ်ပြ . . . ငါနဲ့ တူလားမတူလားကြည့်ရအောင် ''





လို့ ဟိန်းသူကိုပြောလိုက်လေရဲ့။ ဟိန်းသူလည်း ကုတ်အင်္ကျီ ကို ချက်ခြင်းကောက်ဝတ်ပြီး အခန်းအပြင်ကို ထွက်သွားတော့တယ်။ ပြီးတော့ အခန်းတံခါးကို အပြင်က ဆွဲဖွင့်လို့ စတိုင်အပြည့်နဲ့ အခန်းထဲကို ပြန်ဝင်လာပါလေကော။



ရွှေရတီရဲ့မျက်စိထဲမှာ ဟိန်းသူက ကိုစိုင်းတံခွန်နဲ့ အတော်ကို တူတာပါ။ ဒါပေမယ့် သူမကို ယုတ်မာခဲ့တဲ့ လူလို့ ဘယ်လိုမှ ခံစားလို့မရဘူး ဖြစ်နေတယ်။ အဲ့ဒီသူရဲ့ အငွေ့အသက်လည်း ဟိန်းသူဆီမှာ မတွေ့ရဘူး။ ဒါကြောင့် ကိုစိုင်းတံခွန်တို့ကို ရွှေရတီ ခေါင်းပဲခါပြလိုက်မိတယ်။





ကိုစိုင်းတံခွန်က ဟိန်းသူကို နောက်တစ်ခါ လုပ်ခိုင်းပြီး ရွှေရတီ့ကို ကြည့်စေပြန်တယ်။ ရွှေရတီခေါင်းပဲ ခါမိတယ်။ သုံးခါလောက် ဆက်တိုက်လုပ်ပြီးသွားတဲ့အခါမှာတော့ ကိုစိုင်းတံခွန်နဲ့ ဝေယံကော ရွှေရတီပါ ခေါင်းကုတ်ရတော့တာပေါ့။ တရားခံလူယုတ်မာက ဟိန်းသူမှ မဟုတ်ရင် ဟိန်းသူကို ခိုင်းမယ့် ဇွန်သူဝင်း ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလေ။ ဒါဆို တရားခံက ဘယ်သူလည်း . . . အဖြေရှာရမှာ အတော်ကို ခေါင်းခြောက်စရာ . . . .။





အဲ့ဒီအချိန်မှာ ဧည့်ခန်းတံခါး ပွင့်သွားတယ်။ မှိန်ထားတဲ့ အခန်းမီးကို ပြန်မလင်းရသေးတော့ အခန်းအပြင်က အလင်းရောင်က အခန်းထဲကို ထိုးကြလာတာပေါ့။ အခန်းဝကို အားလုံးကြည့်လိုက်ကြတော့ . . . ပြည့်စုံအောင် ။





'' စောရီးဗျာ . . ကိုစိုင်းတံခွန် ။ မသွားမဖြစ်တဲ့အလှူ မို့လို့ ဝင်လိုက်ရတာ နည်းနည်းနောက်ကြသွားတယ်ဗျာ''


လို့ အခန်းဝကနေ ကိုစိုင်းတံခွန်ကို တောင်းပန်စကားနဲ့ လှမ်းနှုတ်ဆက်နေတော့တာ . . .။


'' သူ . . သူ . . သူမှ သူ အစစ်ပဲ . . .သေခြာတယ်. . ဒင်းဟာ လူယုတ်မာပဲ . . .''


ရွှေရတီရဲ့ နှလုံးသွေးတို့ တမဟုတ်ခြင်း ပွက်ပွက်ဆူလာပြီး ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ အခန်းဝမှရပ်နေတဲ့ ပြည့်စုံအောင်ဆီ အပြေးသွာလို့ မျက်ခွက်ကို ရိုက်ချ လိုက်တော့တယ်။ ချစ်သူရဲ့ အရိပ်အကဲကို အမြဲမပြတ်စောင့်ကြည့်နေတဲ့ ဝေယံလည်း အခြေအနေကို ချက်ခြင်းသဘောပေါက်သွားကာ ရွှေရတီ့ရိုက်ချက်ကြောင့် နောက်ကို ပက်လက်ကျသွားတဲ့ ပြည့်စုံအောင်ရဲ့ ရင်ဘတ်ပေါ်မှာ တက်ခွပြီး ဖိချုပ်ထားလိုက်တော့တာပေါ့။


'' ဒီကောင် တရားခံ . . အကိုရေ . . .ဒီကောင် တရားခံဗျ ''


'' ဟယ် . . .ဘာ တွေဖြစ်ကြတာလည်း ''


'' အို . . .ဒုက္ခပဲ . . .''



'' မလုပ်ပါနဲ့ မလုပ်ကြပါနဲ့ . . . ''


စသဖြင့် ဝေယံ့ အော်သံတွေကော ဇွန်သူဝင်း သူငယ်ချင်းတွေရဲ့ အထိတ်တလန့် အသံတွေပါ တစ်ခန်းလုံး ဆူညံသွားတော့တယ်။




ကိုစိုင်းတံခွန်က မီးရောင်လင်းအားကို ပြန်မြှင့်လိုက်တယ်။ တခန်းလုံးလင်းထိန်သွားတော့မှ ပြည့်စုံအောင်က နားမလည်နိုင််တဲ့ မျက်နှာလေးနဲ့ ဝေယံရဲ့အောက်ကနေ ကိုစိုင်းတံခွန်ကို လှမ်းကြည့်ရင်း . . .


'' အကို . . ကိုစိုင်းတံခွန် . . ဘာ ဘာတွေ ဖြစ်တာလဲဟင် ။ ကျကျ နော့်ကို ဘယ် ဘယ်သူ ရိုက်လိုက်တာလည်း။ ဝေယံ ကလည်း ကျနော့်ကို ဘာလို့ချုပ်ထားတာလဲ ''





လို့ မေးရှာတယ်။ ထိုအခါ ကိုစိုင်းတံခွန်က ပြည့်စုံအောင့်မျက်နှာကို ခပ်ထန်ထန် ပြန်စိုက်ကြည့်လိုက်ပြီး အောက်ပါစကားတို့ကို တစ်ခွန်းချင်းစီ ပြောချ လိုက်ပါတော့တယ်။





'' ပြည့်စုံအောင် . . .လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်တုန်းက ငါနဲ့ အတော်ကိုရင်းနီးခဲ့တဲ့ ရွှေရတီဆိုတဲ့ ကလေးမကို မင်း ငါ့ဟန်ဆောင်ပြီး ယုတ်မာခဲ့တယ်။ မင်းတစ်ယောက်တည်းတင် မိုက်ရိုင်းရတာ အားမရလို့ မင်းရဲ့ အပေါင်းအဖော်တွေကိုပါခေါ်ပြီး မိုက်ရိုင်းခဲ့ကြတယ်။ ဟုတ်တယ်မဟုတ်လား . . ပြော ''





ပြည့်စုံအောင် ဆီကအသံထွက်မလာ . . ။ ကိုစိုင်းတံခွန်ကိုသာ ကြောင်ကြောင်ကြီး စိုက်ကြည့်နေလေတယ်။ ကိုစိုင်းတံခွန်က စကားဆက်ပြန်တယ်။


'' မင်းငြင်းဖို့ မကြိုးစားနဲ့တော့ ပြည့်စုံအောင်။ ဘာလို့ ဒီလို လုပ်ခဲ့ရလည်း ဆိုတဲ့ အကျိုးအကြောင်း ရှင်းပြပြီး မင်းမိုက်ပြစ်ကို မင်း ဝန်ခံလိုက်ပါ။ ခုဒီမှာ မင်းတို့ယုတ်မာတာကို ခံခဲ့ရလို့ ကိုယ့်ကိုကိုယ် သတ်သေသွားရှာတဲ့ ရွှေရတီ့ရဲ့ ဝိဉာဉ် ရှိနေတယ်။ သူကိုယ်ထင်ပြလို့ မင်းမြင်ရမမြင်ရတော့ ငါအတတ်မပြောနိုင်ဘူး။ ငါနဲ့ ဝေယံကတော့ မြင်ရတယ်။ မင်းကို ရိုက်လိုက်တာလည်း သူပဲ။ ဘယ်လိုလဲ . . .မင်းဘာသာမင်း ဝန်ခံမလား ။ သူ့ကို ကိုယ်ထင်ပြပြီး ဖော်ခိုင်းရမလား ''


ကိုစိုင်းတံခွန် ရဲ့စကားကြောင့် ပြည့်စုံအောင်တစ်ယောက် ချက်ခြင်း မျက်နှာဖွေးဆုပ်သွားပြီး အရမ်းကို ထိတ်လန့်သွေးပျက်နေတဲ့ပုံ ပေါက်သွားပါတော့တယ်။ ဒါပေမယ့် သူကျူးလွန်ခဲ့တယ်ဆိုတာကို လုံးဝ ဝန်မခံဘူး။ ကိုစိုင်းတံခွန်က ဝန်ခံဖို့ ထပ်ပြောတယ်။ ပြည့်စုံအောင်ကတော့ ငြင်းဆန်မြဲသာ ငြင်းဆန်နေလေရဲ့။



နောက်ဆုံးတော့ ရွှေရတီလည်း စိတ်မထိန်းနိုင်တော့ဘဲ သူမရဲ့လက်သည်းချွန်တွေကို ရှည်ထုတ်လိုက်ပြီး လူယုတ်မာ ပြည့်စုံအောင်ကို လက်စားခြေသတ်ဖြတ်ပစ်တော့ဖို့ ဟန် ပြင်လိုက်တော့တာပေါ့။




'' ဒုန်းး . . .ဂျိုင်းး . . ကျွီးးး . . .ခွမ်းးးး '' အသံတွေက အတော်ကို ကျယ်ကျယ်လောင်လောင်



အားလုံး လက်ရှိအခြေအနေကို ခဏမေ့ပြီး အသံကြားရာ အိမ်အပြင်ဘက်ကို စိတ်ရောက်သွားကြတော့တယ်။


'' ဘာ သံတွေလည်း ဟ ''



ကိုစိုင်းတံခွန်က ပြောပြောဆိုဆိုနဲ့ အခန်းထဲက ထွက်သွားပါလေကော။ ဝေယံလည်း ပြည့်စုံအောင်ရဲ့ရင်ဘတ်ပေါ်မှာ ကားယားခွ ဖိထိုင်ထားရာက ကပြာကသီထပြီး ကိုစိုင်းတံခွန်ရဲ့နောက်ကို လိုက်ခဲ့တော့တယ်။ ဝေယံ့နောက်မှာတော့ ပြည်စုံအောင်က လူးလည်းထလိုက်လာပြီး ပြည်စုံအောင်ရဲ့နောက်မှာတော့ မဇွန်သူဝင်းတို့ သူငယ်ချင်းတသိုက်ပါ ပါလာခဲ့ကြတယ်။



ရယ်ဒီကျော်မောင်းလာတဲ့ကားက ပန်းအိုးကြီးတစ်လုံးကို တိုက်ခွဲပြစ်လိုက်တာ။ ခြံဝမှာလည်း ခြံတံခါးကြီး ပြုတ်ထွက်နေတယ်။ တံခါးဝမှာ သင်းသင်း ကခွေခွေလေး လဲကျလျှက်။





ခြံတံခါးကော သူ့ကို တံခါးဖွင့်ပေးဖို့လာတဲ့ သင်းသင်းကိုပါ ရယ်ဒီကျော် ကားနဲ့ တိုက်လာခဲ့ပုံရတယ်။ အဲ့ဒီနောက် ရယ်ဒီကျော် ကားထဲက ဆင်းလာတယ်။ သူ့ကြည့်ရတာ ဆေးကော အရက်ပါ နှစ်ပင်လိမ်ပြီး အသိစိတ်ပျောက်နေတဲ့ပုံ။ မျက်လုံးကြီးတွေ နီနီ ဆံပင်တွေ ရှုပ်ပွပြီး တကယ့် အရူးကြီးတစ်ယောက်လိုပဲ။ စိုင်းတံခွန်ကို မြင်တော့ သူက





'' ခွေးတတောင်းစားကြီး မင်းက ဆောက်ဆရာကြီးလား ငါလီးနဲ့မှ မင်းတို့လင်မယားကို ငါသတ်မယ် . . .''





လို့ လက်ညှိုးငေါက်ငေါက်ထိုးလို့ ယုတ်ရင်းကြမ်းတမ်းတဲ့စကားကို ဆိုတော့တာ။ စိုင်းတံခွန်လည်း လူရှေ့သူရှေ့မှာ အပြောခံလိုက်ရတော့ ရှက်သွားတယ်ထင်ပါရဲ့။ ဘာမှပြန်မပြောဘဲ ဒင်းရဲ့အနားကို ကပ်သွားပြီး ပြစ်ထိုးချလိုက်တော့တယ်။ ဒါပေမယ့် ရယ်ဒီကျော်က အရင်တစ်ခါကလိုအထိုးမခံတော့ဘဲ ကစိုင်းတံခွန်ရဲ့လက်သီးကို ဖမ်းဆုပ်ပြီး စိုင်းတံခွန်ကို ပြန်ထိုးပါလေကော။





အနုသမား ရူပါသမား ဖြစ်တဲ့ စိုင်းတံခွန်ခမြာ ငမိုက်သားရယ်ဒီကျော်ရဲ့ လက်သီးချက်ကို မရှောင်လိုက်နိုင်ဘဲ ပါးချိပ်ကိုထိပြီး ခန္ဓာကိုယ်နောက်ကိုယိုင်သွားတော့တယ်။ ရယ်ဒီကျော်က သူ့ကို အဲ့ဒီလို တုန့်ပြန်လိမ့်မယ်လို့လည်း သူထင်မထားခဲ့ဘူးမဟုတ်ပါလား။





'' ငါ့ယောကျ်ားကို မလုပ်နဲ့ ''





ဇွန်သူဝင်းက ပါးစပ်ကအော်လည်းအော် ရယ်ဒီကျော့်ရဲ့အနားကိုလည်း ပြေးကပ်သွားပြီး ရယ်ဒီကျော် ကို တိုက်ခိုက်ဖို့ ကြိုးစားတော့တယ်။ ရယ်ဒီကျော်က ကိုယ်ကို ကားထဲကို ကိုင်းလိုက်ပြီး ပြန်ထွက်လာတော့ သူ့ရဲ့လက်မှာ ဂက်စ်ဂန်းတစ်လက် ပါလာလေရဲ့။





'' ကောင်မ . . သေပေတော့ . . .''





'' ဖောင်း ဖောင်းး ဖောင်းးးး ဖောင်းးး ဖောင်းးးး းး ''





သေနတ်သံများ ဆူညံသွားပြီး ဂက်စ်ငွေ့များလည်း တထောင်းထောင်း ထသွားတော့တယ်။





အသံရပ်ပြီး အငွေ့တွေရှင်းသွားတော့ ပြည့်စုံအောင်က သွေးသံတရဲရဲနဲ့ ဇွန်သူဝင်းကို ဖက်လျှက်သား။



'' ဇွန်သူဝင်း နင်ဘာမှ မဖြစ်ဘူးနော် '' လို့မေးပြီး သူမရဲ့လက်ထဲမှာ ပျော့ခွေကျ သွားပါလေကော။ ဝေယံလည်း အနားက အုတ်ဘောင်ပေါ်မှာတွေ့တဲ့ ပန်းအိုးအသေးတစ်လုံးကိုယူပြီး ရယ်ဒီကျော့်ရဲ့ခေါင်းကို တအားပစ်ပေါက် ထည့်လိုက်တော့တာပေါ့။ ဆောက်ရူးရယ်ဒီကျော်လည်း ဒီတစ်ချက်တည်းနဲ့တင် မှောက်သွားတော့တယ်။


'' တကယ်တော့ ငါဟာ နင့်ကို တိတ်တခိုးချစ်နေခဲ့ရသူပါဟာ . . ။ နင့်ကို ဟိန်းသူချစ်နေမှန်းလည်း ငါသိသလို. . နင် ကိုစိုင်းတံခွန်ကို အရမ်းရူးသွပ်ဆွဲလမ်းနေမှန်းလည်း ငါသိတယ်။ အဲ့ဒီလိုပဲ ကိုစိုင်းတံခွန်နဲ့ ရွှေရတီတို့ရဲ့ တဖြေးဖြေးတိုးတက်လာတဲ့ ဆက်ဆံရေးတွေကြောင့် နင့်အရမ်းစိတ်ဆင်းရဲနေရမှန်းလည်း ငါနားလည်တယ်။



ဒါကြောင့် ကိုစိုင်းတံခွန်ကို လူယုတ်မာကြီး တစ်ယောက်အနေနဲ့ ရွှေရတီ အထင်လွဲသွားအောင် လူတစ်ယောက်နဲ့ ပူးပေါင်းပြီး ငါကြံစည်ခဲ့တာပဲ။ ငါတို့ရည်ရွယ်ခဲ့တာက သူတို့နှစ်ယောက်ခွာပြဲသွားယုံပါ။ ဒါပေမယ့် ရွှေရတီက သူ့ကိုသူ သေကြောင်းပါကြံသွားတယ်။ ငါတကယ်စိတ်မကောင်းပါဘူးဟာ။


ဇွန်သူဝင်းရယ် . . . နင်ဟာ ငါ့ရဲ့ကမ္ဘာပါ။ နင်စိတ်ချ မ်းသာဖို့ နင့်လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ဆိုရင် ငါဘာမဆိုလုပ်ဖို့ ဝန်မလေးဘူး။ နင့်အပေါ်ကို ငါထားတဲ့ မေတ္တာက ဟိုကောင် ဟိန်းသူနဲ့တောင်မတူပါဘူး။ ဒီကောင်က နင် ကိုစိုင်းတံခွန်နဲ့ အကြောင်းပါသွားပြီးကတည်းက နင့်အပေါ်မှာ ခံစားချက်မထားတော့ဘူးလေ။ ငါကတော့ ခုအချိန်ထိကို နင့်အတွက် အရာရာ ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေသူတစ်ယောက်ရယ်ပါ။ ငါ့အသက်အပါအဝင်ပေါ့ဟာ ''



ပြည့်စုံအောင်က ဖြစ်ကြောင်းကုန်စင်ကို အထက်ပါအတိုင်း ရင်ဖွင့်ပြခဲ့ပြီးနောက် ဇွန်သူဝင်းရဲ့ရင်ခွင်ထဲမှာ ခေါင်းလေး လည်ကျသွားပါတော့တယ်။





'' ပြည့်စုံအောင်ရယ် . . .ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်းရယ် . . . ''





ဇွန်သူဝင်းလည်း ပြည့်စုံအောင်ကို ထွေးပွေ့ရင်း ခြုံးပွဲချ ငိုလိုက်တော့တာပေါ့။ အခြားသူငယ်ချင်းများလည်း လိုက်ငိုကြလေရဲ့။





ဒီလိုကျ တော့လည်းရွှေရတီစိတ်မကောင်းမိ။ ပြည့်စုံအောင်ပြောပုံအရဆို သူနဲ့အတူတူ ကြံရာပါ တစ်ယောက်ရှိသေးတယ်ဆိုပဲ။ ဒါပေမယ့် အဲ့ဒီသူကိုလည်း ဖော်ထုတ်မနေချင်တော့။ သံသရာ ဘဝခရီးကို နောက်ဆံမတင်းဘဲ ဖြောင့်ဖြောင့်တန်းတန်းဆက်ဖို့ရန်သာ ရွှေရတီ ဆုံးဖြတ်ချက်ချ လိုက်တော့တယ်။





သူမရဲ့သူငယ်ချင်းဇွန်သူဝင်း ချစ်သူဝေယံ ကိုစိုင်းတံခွန် တို့အားလုံး ကိုယ့်အပူနဲ့ကိုယ် . . .ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်နေကြတာမို့ ဒီအချိန်ဟာ သူမထွက်သွားဖို့အကောင်းဆုံးအချိန်ရယ်လို့ ရွှေရတီ ယူဆမိတယ်။ နောင်များမှ ဆိုရင် လွမ်းရဆွေးရ နှုတ်ဆက်ရငိုကြွေးရ စသဖြင့်တွေ ဖြစ်ရတော့မှာ မဟုတ်ပါလား။ ဒီဒဏ်တွေကို သူမ မခံလိုတော့ မခံနိုင်တော့။ ဒါကြောင့် အလုပ်များနေတဲ့ ချစ်ရသူကိုဝေယံရဲ့မျက်နှာကို စူးစူးဆိုက်ဆိုက် တစ်ချက်ကြည့်လိုက်ပြီး အားလုံးနဲ့ဝေးရာကို မသိမသာလေး ထွက်ခဲ့လိုက်ပါတော့တယ်။





ဆေးရုံ အပို့ လမ်းမှာတင် ပြည့်စုံအောင် ဆုံးသွားရှာတယ်။





သင်းသင်းကတော့ မသေပါဘူး။ သူကားတံခါးပြေးဖွင့်ဖို့အလုပ် ရယ်ဒီကျော်က ကားကို ဒလကြမ်းမောင်းဝင်လာတာမြင်လို့ ဘေးကိုလှိမ့်ရှောင်လိုက်တာ အောက်ကကွန်ကရစ်ခင်းနဲ့ ခေါင်းနဲ့ရိုက်မိပြီး ခေါင်းကွဲသွားတယ်လေ။ အဲ့ဒီကတည်းက သင်းသင်းလည်း ရယ်ဒီကျော့်ကို စိတ်နာသွားတော့တယ်။





ရယ်ဒီကျော်ကတော့ အဖမ်းခံရတော့တာပေါ့။ လူသတ်မှု လက်နက်ကိုင်ဆောင်မှု ဆေးမှု မူးယစ်ရမ်းကားမှု ယဉ်မဆင်မခြင်မောင်းနှင်မှု စသဖြင့် အမှုတွေက စုံလို့။





ရွှေရတီကိုတော့ အဲ့ဒီအချိန်ထဲကစပြီး ဝေယံတို့မတွေ့ရတော့ဘူး။ ဝေယံလည်း တစ်နေ့ပြန်ပေါ်လာနိုး ပြန်ပေါ်လာနိုး နဲ့ မျှော်လင့်စောင့်စားနေခဲ့ရတော့တယ်။ တစ်ပတ်လောက်ကြာတော့မှ ပြန်မပေါ်လာတဲ့အဆုံး ကိုစိုင်းတံခွန်တို့လင်မယားက ဦးစီးပြီး ရွှေရတီနဲ့ ပြည့်စုံအောင်တို့အတွက် ရည်စူးလို့ ကောင်းမှုကုသိုလ်အကြီးအကျယ်လုပ် အမျှ အတမ်းတွေ ဝေလိုက်ကြလေရဲ့။





နောက်ပိုင်း အေးအေးဆေးဆေးကြမှ ဝေယံက မဇွန်သူဝင်းကို


'' ဘာလို့ အစီအရင်တွေလုပ်ပြီး ရွှေရတီကို တားထားခဲ့ရတာလဲ ''


. . လို့ မေးကြည်လိုက်တော့ . . .သူမက ဝမ်းနည်းနောင်တရဟန်နဲ့





'' ကျွန်မ ကိုစိုင်းတံခွန်ကို ကြိုက်နေတာကို ရတီ့ကိုမပြောဘဲ ဟန်ဆောင်နေမိခဲ့တယ်လေ။ အဲ့ဒီ ဟန်ဆောင်နေတဲ့ တစ်ချိန်လုံးလည်း သူ့ကို မနာလိုဖြစ်နေခဲ့တယ်။





သူ့ကို ဝိဉာဉ်ပုံစံမျိုးနဲ့ ပြန်တွေ့လိုက်ရတဲ့တော့ ကျွန်မ ကိုယ့်ကိုကိုယ် စိတ်မလုံဘူး။ ကျွန်မဟန်ဆောင်ခဲ့တာတွေကို သူသိသွားပြီး ကျွန်မကို တစ်ခုခုလုပ်မှာလည်း ကြောက်တယ်။ ဒါကြောင့် သူကျွန်မနားကို မလာနိုင်အောင် အစီအရင်တွေ အဆောင်တွေလုပ်ထားခဲ့မိတာပါ ''





လို့ ဝေယံ့ရဲ့အမေးကို ပြန်ဖြေရှာလေတယ်။ ဝေယံလည်း ဘာမှ ပြန်မပြောတော့ဘဲ မျက်နှာအပေါ်မော့ပြီး လေပူတစ်ချက်ကိုသာ ဖူးခနဲ မှုတ်ထုတ်လိုက်ပါတော့တယ်။



.



.



.



ကိုစိုင်းတံခွန် မိခင်ရဲ့သတင်းပေးမှုကြောင့် ဖခင်ဖြစ်သူဦးမြင့်ဝေက ဝေယံ့ကို ဆက်သွယ်လာခဲ့တယ်။ ဝေယံ ကံကောင်းတယ်ပဲ ပြောရမလား. . . အပျော်အပါး အမော်အကြွား အရမ်းဝါသနာပါတဲ့ မိထွေးနဲ့ သူမရဲ့သမီးတို့ဟာ အခြားမြို့က ပါတီပွဲတစ်ခုကအပြန်မှာ ကားချင်းတိုက်မိပြီး နှစ်ယောက်စလုံး မသာပေါ်ကုန်ကြတယ်ဆိုပဲ။





ဖခင်ကလည်း သူတစ်ယောက်တည်း အလုပ်တွေမနိုင်မနင်းဖြစ်နေတာမို့ အလုပ်တွေကို လာဦးစီးပေးဖို့ ဝေယံ့ကို တွင်တွင်ခေါ်နေတော့တာ။ ဝေယံလည်း ကိုစိုင်းတံခွန်တို့ဆီမှာ ဆက်နေရင် အချိန်နဲ့အမျှ ရွှေရတီကို သတိရနေတာကြောင့် စိတ်အပြောင်းအလဲဖြစ်သွားအောင် ဖခင်ဆီကို ပြန်သွားဖို့ ဆုံးဖြတ်ချက်ချ လိုက်တော့တာပေါ့။



ဆက်ရန်





အမြင့်ကြောက်သော ငှက်