မင်းသားကြီး အပိုင်း ၇


အမြင့်ကြောက်သော ငှက်




'' ဘယ်ကရွှေရတီလည်း ကျုပ်မသိဘူး။ ကျုပ် ကျုပ်တို့ လုပ်ခဲ့တာလည်းမဟုတ်ဘူး။ ခ ခ ခဗျားး လူမှားနေပြီ။ ခ ခဗျားကိုလည်း ကျုပ် ကျုပ် တစ်ခါမှ မ မမြင်ဖူးဘူးး။ သိလည်းမသိဘူးး ''



လို့ ကတုန်ကယီ အထစ်ထစ်အငေါ့ငေါ့နဲ့ အကြောက်ကန်ငြင်းဆန်လိုက်တော့တယ်။ မိန်းကလေးက ရယ်ဒီကျော့်ရဲ့အဖြေကို အလိုမကျ ဟန်နဲ့ ကြောက်စရာပုံစံကြီး ပြန်ပြောင်းသွားပြီး အရိအရွဲတွေ တတောက်တောက် ထွက်ကျ နေတဲ့ လက်တစ်ဖက်နဲ့ သူ့ရဲ့လည်ပင်းကို ညှစ်လိုက်တော့တာ။





'' ဘာ ခုမှ မသိပါဘူးလည်း. . နင်တို့ ယုတ်မာခဲ့တုန်းက ယုတ်မာခဲ့ကြပြီး ခံရတဲ့အလှည့်ကြမှဗြောင်လိမ်နေတယ်။ ငါ့ကို မလိမ်နဲ့ သေတာထက်ဆိုးသွားမယ် ''





လို့ ပါးစက်ကလည်း အသံအက်ကွဲကွဲကြီးနဲ့ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းပါလေကော။ ရယ်ဒီကျော်လည်း ကြောက်လွန်းလို့ ငယ်သံပါအောင် အာခြစ်အော်လိုက်တော့တာပေါ့။ ပြီးတော့မှ





'' အောင်မလေးး အားး ကြောက်ပါပြီ ဗျ . . . ကျွန် ကျွန်တော် မလုပ်ခဲ့ပါဘူးး . . ဘုရားပေးပေး ကြမ်းပေးပေးပါဗျာ. . .ရွှေရတီဆိုတာလည်း ကျွန်တော်ပတ်သက်ခဲ့ဖူးတဲ့ မိန်းမတွေထဲမှာ မပါ ပါဘူးး . . .အီးးးဟီးးးးးး အမေရယ် သားကို ကယ်ပါဦးးးး ဟီးးးး ''





စသဖြင့် ရွှေရတီ့အပေါ်မှာ သူတို့ယုတ်မာခဲ့ခြင်းမရှိကြောင်း မိစ္ဆာကြီးကို ဖြေရှင်းချက်တွေပြန်ပေးရင်း ငိုယိုတောင်းပန်နေမိတော့တယ်။ ထိုအခါမှ မကောင်းဆိုးဝါးကြီးရဲ့လက်က သူ့ရဲ့လည်ပင်းကနေပြန်ယုတ်သွားပြီး မိန်းမလှလေးပုံလည်း ပြန်ပြောင်းသွားတယ်။ ဒါပေမယ့် ရယ်ဒီကျော့်ရဲ့မျက်နှာကိုတော့ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတုန်းပဲ။





ဒီအကြည့်စူးစူးတွေရဲ့ဒဏ်ကို သူဘယ်လိုမှ မခံစားနိုင်ဘဲ အသားတွေ တဆတ်ဆတ်တုန်ယင် ကြောက်လန့်နေဆဲမှာ မိန်းကလေးက မေးခွန်ထုတ်ပြန်တယ်။





'' မနေ့ညက . .အိမ်မကြီးထဲကိုဝင်ပြီး ဇွန်သူဝင်းကို ရှင် ယုတ်မာခဲ့တယ်မဟုတ်လား ''





'' ဟုတ် ဟုတ် ဟုတ်ပါတယ်ဗျာ။ ကျ ကျ ကျ နော် မိုက်မှားမိခဲ့ပါတယ်။ ''





ရယ်ဒီကျော် မလိမ်ဝံ့တော့ဘဲ အမှန်တွေကိုသာ ဖြေကြားရတော့တာပေါ့။ မိန်းကလေးက ခနဲ့ပြုံးလေး တစ်ချက်ပြုံးလိုက်ပြီး သူ့ကိုထပ်မေးတယ်။





'' မိုက်ခဲ့ မှားခဲ့မှန်း သိရင် နောက်တစ်ခါထပ် မိုက်ဦး မှားဦးမှာလား ''





'' မ မ မိုက်တော့ ပါဘူးဗျာ။ နောင် နောင်တ ရပါပြီ။ နောင် နောင် ဘယ် ဘယ်တော့မှ မဇွန်သူဝင်းရဲ့ အရိပ်ကိုတောင် မ မနင်းမိစေရပါဘူး။ ကျ ကျ နော် က ကတိပေးပါတယ်ဗျာ။ ကျ ကျ နော့် ကို ခွင့် ခွင့်လွှတ်ပါ. . ခွင့်လွှတ်ပါနော် ''





ရယ်ဒီကျော်က နောင်တစ်ခါ ဒီလို ထပ်မဖြစ်ဖို့အကြောင်း ပြာပြာသလဲ ကတိပေးလိုက်တော့မှ မိန်းကလေးက အနည်းငယ်ကြေနပ်သွားဟန်နဲ့





'' အင်းးလေ . . ကောင်းပြီ။ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါ ဇွန်သူဝင်းရဲ့ အနားကို ကပ်တာနဲ့ ရှင်ကျွန်မနဲ့တွေ့ပြီသာမှတ်ပေတော့ ။ ဒါပေမယ့် ရှင့်ကို ဒီအတိုင်းလွှတ်ပေးလိုက် လို့တော့မရဘူး။ ရှင်နဲ့တိုက်တန်တဲ့အပစ်ကတော့ ပေးကို ပေးမှဖြစ်မယ်. . .ဟိုဘက်လှည့် ''





စကားအဆုံးမှာ မိန်းကလေးဟာ ကြောက်စရာအသွင်ကြီး ပြန်ပြောင်းသွားတော့တယ်။ ရယ်ဒီကျော်လည်း မကောင်းဆိုးရွားကြီးကို ကြည့်ဖို့ရာ သတ္တိလုံးလုံးမရှိတော့တာကြောင့် . . .ဘာပဲဖြစ်ဖြစ် သူခိုင်းသလို ဟိုဘက်လှည့်ပေးလိုက်တာ အကောင်းဆုံးပဲ . . .လို့တွေးပြီး တဖက်ကိုလှည့်လို့ ကျောပေးလိုက်တော့တာပေါ့။





အဲ့ဒီနောက် ရယ်ဒီကျော် . . .ကျောအထက်မှာ ပူခနဲ တစ်ချက်ခံစားလိုက်ရပြီး လောကကြီးနဲ့ အဆက်ပြတ်သွားပါတော့တယ်။



နောက်နေ့မှာတော့ ဝေယံနဲ ရွှေရတီတို့ မြေကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ ရယ်ဒီကျော့်ကို ကြည့်ပြီး နှစ်ယောက်သားရယ်မိကြတယ်။ ညက အိပ်မက်ထဲမှာ ကြုံ ခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးကြောင့် ရယ်ဒီကျော့်ခမြာ အိမ်အပြင်ထွက်လာလိုက် ခေါင်းတွေကုတ်ပြီး အိမ်ထဲပြန်ဝင်သွားလိုက်နဲ့ ယောက်ယက်ခတ်နေတော့တာ။ တစ်ခါတော့ သင်းသင်းကိုခေါ်ပြီး ကျောကုန်းလှန်ပြနေတာကို ပြတင်းပေါက်ကနေ ဝေယံတို့တွေ့လိုက်ရတယ်။ ဝေယံက ရွှေရတီ့ကို ပြုံးကြည့်ရင်း





'' ဒါ မင်းသမထားတာလား '' ဆိုတော့ သူမက ပြုံးစိစိနဲ့ '' ဟုတ်တယ် '' တဲ့။





အဲ့ဒီလို ဝေယံတစ်ယောက် တမနက်လုံး ဂဏာမငြိမ်ဖြစ်နေပြီး နေ့လည် ထမင်းစားနီးချိန်မှာတော့ ကားပေါ်တက်ပြီး ခြံပြင်ကို ဝူးခနဲ မောင်းထွက်သွားတော့တာပဲ။





မဇွန်သူဝင်းကတော့ မဆိုသလောက်ကလေး မျက်နှာမကောင်းတာကလွဲရင် ဘာမှ သိပ်မထူးခြားပါဘူး။ သူတို့ရဲ့အဖြစ်အပျက်ကို ဘယ်သူမှ မသိဘူးအမှတ်နဲ့ တည်တည်ငြိမ်ငြိမ်ပဲရှိနေတယ်။ တစ်ယောက်ကိုမှ ဖွင့်မပြောသလို ရယ်ဒီကျော့်ကိုလည်း ရန်မလုပ်ဘူး။ အဲ့ဒီလိုတွေ လျှောက်လုပ်ရင်လည်း သူမပဲ အကျိုးနည်းရမှာလေ။ ဒါ့ကြောင့် အစားအသောက်အနေအထိုင်မပျက်ဘဲ အေးအေးဆေးဆေးနေ နေတော့တာပေါ့။



နေ့လည်ဘက်မှာ မဇွန်သူဝင်းဆီကို သူမရဲ့သူငယ်ချင်းတွေ လာလည်ကြပြန်တယ်။ ဒီတစ်ခါတော့ . . . သီရိ နှင်းမြမြ ရတနာသော် အပါအဝင် ဟိန်းသူနဲ့ ပြည့်စုံအောင်ပါ ငါးယောက်စလုံး လူစုံတက်စုံ ဖြစ်လာကြလေရဲ့။ ထုံးစံအတိုင်း ဝိုင်းဖွဲ့ စားကြသောက်ကြ စကားပြောကြတာပေါ့။ လူစုံတော့ ဝေယံပါ သူတို့ထဲကို ရောယောင်ပြီး ပါသွားတော့တယ်။ ရွှေရတီလည်း အားလုံးရဲ့အနားမှာ ရှိနေလေရဲဲ့။ ဒါပေမယ့် ဝေယံကလွဲရင်တော့ သူမကို ဘယ်သူမှ မမြင်ရဘူးလေ။





စားလို့သောက်လို့ဝတော့ ဟိန်းသူကို ဝိုင်းဝန်းပြီး ပွဲတောင်းကြပြန်တယ်။ အမှတ်နဲနဲမှမရှိတဲ့ မင်းသားရူးကလည်း မင်းသားမျိုးစုံရဲ့ အိုင်တင်တွေ စတိုင်တွေ ထုတ်ပြနေတော့တာ။ နောက်ဆုံးမင်းသားအားလုံးကုန်သွားပြီး ကိုစိုင်းတံခွန်ရဲ့ အိုင်တင်လုပ်ပြဖို့ တောင်းဆိုကြတဲ့ အခါမှာ ဟိန်းသူက အရင်အခေါက်တုန်းကလိုပဲ ငြင်းနေပြန်တယ်။ နောက်ဆုံး မဇွန်သူဝင်းကိုယ်တိုင်က သူမရဲ့အခန်းထဲကနေ ကိုစိုင်းတံခွန်ရဲ့ ကုတ်အင်္ကျီ တစ်ထည်ယူပေးပြီး





'' လုပ်ပါဟယ် . . .ငါ့ယောကျ်ား အိမ်မှာမရှိပါဘူး။ မကြောက်ပါနဲ့။ သရုပ်ဆောင်ပြစမ်းပါ . . ပျော်ရတာပေါ့ ''





လို့ ဟိန်းသူကို ဇွတ်ပွဲတောင်းလိုက်ရာမှာတော့ ဟိန်းသူရဲ့မျ က်နှာ ဖျက်ခနဲ တစ်ချက်ပျက်သွားပါလေကော။ ဝေယံကလည်း ထိုဖြစ်စဉ် ကို သတိထားဖြစ်အောင် ထားလိုက်မိတယ်။ အဲ့ဒီနောက် ဟိန်းသူက မှိုင်းကျသွားတဲ့ သူ့ရဲ့မျက်နှာပေးကို ဘယ်သူမမရိပ်မိခင် ချက်ခြင်းပြန်ပြင်လိုက်ပြီး မဇွန်သူဝင်း ယူပေးတဲ့ ကုတ်အင်္ကျီ ကို ဝတ်လို့ ကိုစိုင်းတံခွန်ရဲ့ အိုင်တင်တွေ အသံတွေ ကို စတင်သရုပ်ဆောင်ပါတော့တယ်။





ဟိန်းသူကော ပြည့်စုံအောင်ပါ အသားလတ်လတ် ရပ်အမောင်းကောင်းကောင်းတွေမို့ . .ခုလို ဟိန်းသူက ကိုစိုင်းတံခွန်ရဲ့ ဟန်တွေ အသံတွေ လုပ်ပြနေတာကို ကြည့်ရတာ အားလုံးအတွက် အတော်ကို ကြည့်လို့ကောင်းနေကြတာပေါ့။ ကိုစိုင်းတံခွန်နဲ့ ချွတ်စွပ်ကြီး မတူရင်တောင် အတော်ကို နီးနီးစပ်စပ်ရှိလှတယ်. . လို့ ဝေယံ့ စိတ်ထဲမှာ မှတ်ချက်ချ မိသလို ရွှေရတီကလည်း သူ့နားနားကို ကပ်ပြီး





'' အတော်ကို တူတယ်နော်။ ကျွန်မကို မကောင်းကြံခဲ့တာ ကိုစိုင်းတံခွန်မဟုတ်ဘူးဆိုရင်တော့ ဒီကောင်မြန်းလားပဲ '' . . .တဲ့။





သူမအမေးကြောင့် ဝေယံလည်း အားလုံးဟိန်းသူဆီ အာရုံရောက်နေစဉ် ရွှေရတီ့ကို





'' နောက်မှ အေးဆေးစဉ်းစားကြမယ်။ ခုတော့ အခြေအနေသာ စောင့်ကြည့်ဦး . .စိတ်မလောနဲ့ ''





လို့ ခပ်တိုးတိုးလေး သတိပေးလိုက်ရတော့တာပေါ့။




ညနေ သူငယ်ချင်းတွေ အိမ်ပြန်ကြတော့ မဇွန်သူဝင်းက ဝေယံ့ကိုလိုက်ပို့ ခိုင်းပြန်တယ်။ ဒီတစ်ခေါက်တော့ တစ်ယောက်ချင်းအိမ်တိုင်ယာရောက်လိုက်ပို့ရတာမို့ နည်းနည်းကြာတယ်။ သီရိ နှင်းမြမြ ဟိန်းသူ ပြည့်စုံအောင် တို့လေးယောက်ရဲ့အိမ်တွေကို အသီးသီးပတ်ပို့ပေးပြီး နောက်ဆုံးကားပေါ်မှာ ဝေယံနဲ့အတူ အိမ်အဝေးဆုံးဖြစ်တဲ့ ရတနာသော် နှစ်ယောက်တည်းကျန်ခဲ့တော့တာ။ ရတနာသော်ရဲဲအိမ်က မြောက်ဒဂုံဘက်မှာဆိုတော့ အတော်လေး ခရီးဆက်ရဦးမယ် မဟုတ်လား။ ဝေယံ အဲ့ဘက်တွေသိပ်မသွားတတ်တော့ ရတနာပြောတဲ့အတိုင်းပဲ လိုက်မောင်းပေးရတော့တာပေါ့။





ဝေယံလည်း သွားရင်းလာရင်း အကျိုးရှိအောင်လုပ်ရမယ်ဆိုတဲ့ အကြံနဲ့ . .မဇွန်သူဝင်းက ဟိန်းသူကို ကိုစိုင်းတံခွန်ရဲ့ အိုက်တင်လုပ်ပြဖို့ပြောတော့ ဟိန်းသူတစ်ယောက် မျ က်နှာပျက်သွားကြောင်း . .အစချီလိုက်ပြီး ရတနာသော်ဆီကနေ သတင်းနှိုက်တော့တယ်။ ရတနာသော်က ပါးချိုင့်လေး ပေါ်အောင် ပြုံးလိုက်ပြီး မဇွန်သူဝင်းနဲ့ ဟိန်းသူရဲ့အကြောင်းကို အောက်ပါအတိုင်း ဝေယံသိအောင် ပြောပြလေတယ်။





'' မျက်နှာပျက်မှာပေါ့။ ဟိန်းသူက ဇွန်သူဝင်း သေဆိုရင် သေ ရှင်ဆိုရင် ရှင့်မယ့်ကောင်လေ။ ဒီကောင်က အရင် ဇွန်သူဝင်းကို ကျိတ်ပိုးဖူးတယ်။ ကျွန်မကိုတစ်ခါ သူရင်လာဖွင့်ဖူးတာတော့ . . . သူ့အသဲနှလုံးကို ဖြုတ်ခနဲ ဖြုတ်ပေးမှ ဇွန်သူဝင်း စိတ်ချမ်းသာမယ်ဆိုရင် သူ့ရင်ကိုခွဲပြီး အသဲကိုပေးဖို့ အဆင်သင့်ပါတဲ့။ ဟား ဟားး ကွယ်ရာမှာသာ တော့ကီကကောင်းတာ။ တကယ်တေ့တေ့ဆိုင်ဆိုင်လည်းကြကော ဒီကောင်ဖွင့်မပြောရဲပြန်ဘူး။



ဇွန်သူဝင်းကကျ တော့ မင်းသားကိုစိုင်းတံခွန်ကို အဲ့ဒီကတည်းက အသဲဆွဲလေ။ ဟိန်းသူကလည်း သူ့နည်းသူ့ဟန်နဲ့တော့ ရုပ်ရည်သန့်ပြန့်တာပဲ။ ကိုစိုင်းတံခွန်ရဲ့ အိုင်တင်တွေလည်း အပြည့်ထုတ်တတ်တော့ သူဖွင့်ပြောရဲတဲ့ တစ်နေ့နေ့မှာ ဇွန်သူဝင်းရဲ့ အချစ်ကို ရလိမ့်မယ်လို့ ကျွန်မတို့အားလုံး ထင်ထားခဲ့ကြတာ။





ထင်သလိုတော့ ဖြစ်မလာခဲ့ဘူး။ ဇွန်သူဝင်းက တကယ့်ကိုစိုင်းတံခွန်အစစ်နဲ့ ညားသွားတယ်။ ဟိန်းသူလည်း အသဲကွဲကော။ ဒါပေမယ့် ငယ်သူငယ်ချင်းအရင်းကြီးတွေဆိုတော့လည်း နောက်ပိုင်း အသွားအလာအခေါ်အပြောမပျက်ခဲ့ကြပါဘူး။ သူငယ်ချင်းတွေလိုပဲ ဒီအတိုင်းပုံမှန် ပြန်ဆက်ဆံ ခဲ့ကြတယ်။ ''





'' မရတနာသော်တို့ အဖွဲ့နဲ့ ရွှေရတီ ဆိုတာနဲ့ကော တွဲဖြစ်ကြသေးလားဗျ ။ မဇွန်သူဝင်း ခဏခဏပြောလို့ ဒီနာမည် ကြားဖူးနေလို့ မေးကြည့်တာပါ ''





'' ကျွန်မတို့ အဖွဲ့နဲ့ ရွှေရတီက မတွဲဖြစ်ကြဘူးရှင့်။ ခင်လည်းသိပ်မခင်ဘူး။ သိတော့သိကြတာပေါ့။ ရွှေရတီက နယ်ကကျောင်းလာတက်တာလေ။ ဇွန်သူဝင်းနဲ့တော့ အတော် ရင်းနှီးတယ်။ နောက်ပိုင်း ဇွန်သူဝင်းက ရွှေရတီအခန်းတွေ ဘာတွေမှာတောင်သွားနေသေးတာ။ ဒါပေမယ့် ကျွန်မတို့အဖွဲ့နဲ့ ဇွန်သူဝင်းတွဲတာက သပ်သပ်။ သူနဲ့ ရွှေရတီတပူးပူးနေတာက သပ်သပ်။



ဇွန်သူဝင်းပြောသံကြားဖူးတာကတော့ ရွှေရတီကလည်း ကိုစိုင်းတံခွန်ကို အရမ်း ခရေဇီဖြစ်တယ်တဲ့။ သူ့ထက်ပိုဖို့ပဲရှိတယ် . . သူ့အောက်တော့ မလျော့ဘူးဆိုပဲ။ ရွှေရတီ့မှာ သူရအောင်ဆိုတဲ့ ချစ်သူရှိလည်းတယ်။ တကယ်တော့ သူရအောင်က လူရည်သန့်တစ်ယောက်ပါ။



ပြောရမှာတော့ စိတ်မကောင်းစရာပဲရှင်။ ဇွန်သူဝင်း သူ့အိမ်သူခဏပြန်တဲ့ရက်တွေမှာ ရွှေရတီတစ်ယောက်ဘာဖြစ်တယ်မသိဘူး။ ကိုယ့်ကိုကိုယ် သတ်သေသွားရှာတယ်။ သူရအောင်လည်း အဲ့ဒီစိတ်နဲ့ ခုထက်ထိ ကြောင်တောင်တောင်ဖြစ်နေတော့တာ ''





ရတနာသော်က စိတ်မကောင်းဟန်လေးနဲ့ သူမရဲ့စကားကို အဆုံးသတ်လိုက်တော့တယ်။ ဝေယံလည်း သိသင့်သလောက်သိရပြီမို့ ထွေထွေထူးထူးထပ်မေးမနေတော့ဘဲ ရယ်စရာမောစရာများနဲ့ အခြားထွေရာလေးပါးများကိုသာ ရတနာသော်နဲ့ ဆက်လက်ပြောဆိုနေလိုက်တော့တာပေါ့။





အားလုံးပို့ခဲ့ပြီး အိမ်ပြန်ရောက်တော့ ည ခုနှစ်နာရီထိုးနေပြီ။ ဝေယံအရမ်းလည်း ဗှိုက်ဆာနေပြီ။ ဒါပေမယ့် လန်းသွားအောင် ရေအရင်ချိုးပြီးမှ ထမင်းစားမယ်ဆိုပြီး ရေချိုးခန်းဝင်လိုက်တော့တာ။ အရေးထဲ ဟိုဆြာမကပါ တဖက်ခန်းမှာ ရေလာချိုးနေလို့ ဝေယံ ကောက်ကြောင်းတွေ ကြည့်နေရသေးတယ်။





ယောကျ်ားလေးပဲ ဘယ်လောက်ရိုးတယ်ပြောပြော မမြင်ရင်တော့ တမျိုးပေါ့။ ဒီလို တေ့တေ့ဆိုင်ဆိုင်မြင်ရရင်တော့ သူသူကိုယ်ကိုယ် ကြည့်မိကြမှာပဲလေ။ ဝေယံရေချိုးပြီးလို့ ရေချိုးခန်းကထွက်တော့တောင် မချောကမရေချိုးလို့မပြီးသေးဘဲ ရေဆက်ချိုးကျန်ရစ်ခဲ့လေရဲ့။





ဝေယံလည်း အဝတ်အစားလည်းပြီး ထမင်းစားခန်းထဲကို တန်းလစ်ခဲ့တော့တာပေါ့။ ဝေယံထမင်းစားခန်းထဲကို ရောက်တဲ့အချိန်မှာ မဇွန်သူဝင်းက စားပြီးလို့ စားပွဲကနေ ထမယ်ပြင်နေပြီ။ ဝေယံ့ကိုမြင်တော့ သူမက . .





'' လာ . . ကိုဝေယံ . . ထိုင် '' ဆိုပြီး ထမင်းခူးပေးရှာတယ်။ ပြီးတော့မှ ဧည့်ခန်းဘက်ကို ထွက်သွားတော့တာ။ ဝေယံလည်း ဆာဆာနဲ့ ခေါင်းမဖော်တမ်းလွေးလိုက်တော့တယ်။




ညအိပ်ချိန် အခန်းထဲမှာ ရွှေရတီနဲ့ တွေ့ဖြစ်ကြလို့ ဝေယံလည်း ရတနာသော့်ဆီက ရလာတဲ့ သတင်းအချက်အလက်တွေကို ပြန်ပြောမယ်လုပ်တော့တယ်။ ရွှေရတီက . . ကားပေါ်မှာ သူမပါ လိုက်လာခဲ့လို့ သူမလည်း အားလုံးသိပြီးပြီ ဖြစ်ကြောင်း ဝေယံ့ကို ပြောပြတယ်။ ဝေယံက





'' ကျုပ်လည်းမမြင်ပါလား ''





ဆိုတော့ သူမက ရယ်ပြီး





'' ကိုယ်ဖျောက်ထားတာပေါ့ရှင့်။ တော်ကြာ သူတို့အထဲမှာကျွန်မနဲ့ ရေစက်ပါတဲ့သူရှိနေလို့ မြင်သွားမှ ခက်ရချည်းရဲ့။ ကျွ န်မက ကိုယ်ဖျောက်နိုင်တယ်. . ပြီးတော့ တစ်တောင်လောက်အထိသေးသွားအောင်လည်း ကိုယ်ကို သေးထားနိုင်တယ်လေ ''





လို့ ဝေယံ့ကို အဖြေပြန်ပေးတယ်။ ထိုအခါမှ ဝေယံလည်း





'' သြော် . . ဒီလိုကိုးးး '' ဆိုကာ သူမကို ပြန်ပြုံးပြလိုက်တော့တာပေါ့။




အဲ့ဒီနောက် ဝေယံတို့နှစ်ယောက် . . နေ့လည်က မြင်လိုက်ရတဲ့ ဟိန်းသူရဲ့ ကိုစိုင်းတံခွန့် ဟန်ဆောင်ပဲနဲ့ ရတနာသော်ပေးတဲ့ သီတင်းအချက်အလက်တွေကို ပေါင်းစည်းပြီး ကောက်ချက်ဆွဲကြည့် နေဖြစ်ကြတယ်။





'' ကျုပ်ကတော့ သံသယ တရားခံတွေထဲမှာ ရယ်ဒီကျော်တင်မကဘဲ ဟိန်းသူကိုပါ ထည့်ထားချင်တယ် ''





'' ဟုတ်တယ်နော် . . သူက အိုင်တင်ထုတ်လိုက်ရင် ကိုစိုင်းတံခွန်နဲ့ အတော်တူတယ်။ ကျွန်မ ဆေးမူးနေတဲ့အချိန်မှာ လူမှားမယ်ဆို မှားလောက်စရာပဲ။ ဒါပေမယ့် ကျွန်မ တစ်ခုတွေးမရတာက . . သူဘာလို့ ကျွန်မကို အဲ့ဒီလို ယုတ်မာခဲ့တယ် ဆိုတာကိုပဲ ''





'' ကျုပ်တစ်ခုမေးမယ် ''





'' မေးလေ . . .''





'' မင်းနဲ့ မဇွန်သူဝင်း တွဲနေကြတုန်းက ကိုစိုင်းတံခွန်ကို သူအရမ်းခရက်နေတာ မင်းကို ဖွင့်ပြောဖူးလား ''





'' ဟင့်အင်း ပြောဖူးဘူး။ ဆယ်လီတွေကို အရမ်းမခရက်ဖို့တောင် ကျွန်မကို မကြာမကြာ နားချ နေသေးတာ ''





'' ဒါဆို သူ ကိုစိုင်းတံခွန်ကို တအားခရက်ခဲ့တဲ့အကြောင်း ခု ရတနာသော်ပြောမှ ခဗျားသိရတာပေါ့ ''





'' ဟုတ်တယ် . . ကျွန်မလည်း အဲ့တာကို အံ့သြနေတာ ''





'' ဒီလိုဆိုရင်တော့ အဖြေကို ကျုပ်မှန်းမိပြီ။ မဇွန်သူဝင်းက ကိုစိုင်းတံခွန်ကို ကျိတ်ခရက်နေတာ။ မိဘချင်းကလည်း နဂိုကတည်းက ရင်းနီးနေကြလိမ့်မယ်။ ဒါပေမယ့် မင်းကိုတော့ အဲ့အကြောင်းတွေကို ဖွင့်မပြောဘူး။ မင်းကိုသာ ကိုစိုင်းတံခွန်ဆီမှာ အရမ်းကြီး စိတ်နှစ်မထားဖို့ ဆုံးမသွန်သင်နေခဲ့တာ။





ဒါကို မင်းက ကိုစိုင်းတံခွန်နဲ့ ညစာတွေဘာတွေစားပြီး ညတိုင်းလိုလို ဖုန်းပြောဖြစ်ကြတဲ့ အဆင့်အထိ ရောက်အောင်တက်လှမ်းနိုင်ခဲ့တော့ မဇွန်သူဝင်းရဲ့စိတ်ထဲမှာ မင်းဟာ စိုးရိမ်ရေအမှတ်ရောက်လာတယ်။ တကယ်တော့ သူစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ရှေ့ပိုင်းမှာ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဘဲ အရှုပ်အရှင်းကင်းကင်း တည်တည်တန့်တန့် နေလာခဲ့တဲ့ကိုစိုင်းတံခွန်က မင်းနဲ့ကြမှ ဖုန်းတွေပြောပြီး သံယောဇဉ်တွေထားတတ်လာတာကိုးးး။





ဒီအခြေအနေဟာ မဇွန်သူဝင်းအတွက် အတော်ကို မနှစ်မြို့စရာ အခြေအနေပဲ။ တဖက်ကလည်း သူရည်မှန်းထားတဲ့ ကိုရူးရူးမူးမူးချစ်ရတဲ့ သူ . . .တဖက်ကလည်း သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်လား။ အဲ့ဒီအချိန်မှာ မဇွန်သူဝင်းလည်း အတော်ကို စိတ်သောကရောက်နေမှာ။ မင်း မဆုံးပါးခင် သူအိမ်ပြန်သွားတယ်ဆိုတာလည်း ဒီအချက်တွေကြောင့်ဖြစ်နိုင်တယ်။





ဒါကြောင့် ကျုပ်အနေနဲ့ စဉ်းစားရင်တော့ အဖြေနှစ်ခုထွက်တယ်။





ပထမတစ်ခုက . . မင်းနဲ့ ကိုစိုင်းတံခွန်ရဲဲ့ အခြေအနေကြောင့် မဇွန်သူဝင်း အရမ်းစိတ်ဆင်းရဲနေမယ်။ သူစိတ်ဆင်းရဲနေတာကို မကြည့်ရက် မမြင်ရက်နိုင်တဲ့ ဟိန်းသူက ဒါကိုသိတော့ မင်းနဲ့ ကိုစိုင်းတံခွန်ကြားမှာ ဝင်ဖြဲပြစ်မယ်။ . . .ဒါက တနည်း။ ''





နောက်တစ်ချ က် ပြောခါနီးမှာတော့ ဝေယံက အနည်းငယ်တုန့်ဆိုင်းနေတယ်။ ပြီးတော့မှ သက်ပြင်းတစ်ချက် ချလိုက်ပြီး





. . .'' ဒုတိယတစ်ခုကတော့ . . . မဇွန်သူဝင်းကိုယ်တိုင်က ဟိန်းသူကို ခိုင်းတာပဲ။ ''





ဝေယံ့ရဲ့မှတ်ချက်စကားအဆုံးမှာ . . . . .ရွှေရတီ့ရဲ့မျက်နှာ ညှိုးခနဲဖြစ်သွားပြီး ခေါင်းငိုက်ဆိုက်ကြလို့





'' ဇွန် ဇွန် သူဝင်း ခိုင်းတာတော့ မဟုတ်လောက်ပါဘူးရှင်။ သူ သူက ကျွန်မကို အ အရမ်း ခင်တာပါ ''





ဝမ်းပန်းတနည်းသံလေးနဲ့ ငိုမဲ့မဲ့ ပြန်ပြောရှာတယ်။ ဝေယံလည်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေးထပ်ချ လိုက်ပြီး





'' အင်းပါလေ . . . ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ တရားခံရှာဖို့က ဖြစ်နိုင်တဲ့ ထောင့်တွေအားလုံးက လိုက်တွေးရတာကိုး။ ခုဟာ . . . ဟိန်းသူကို တရားခံနေရာထားပြီးတွေးကြည့်ရုံပဲ ရှိသေးတာပါ။ ကိုစိုင်းတံခွန်ကိုလည်း မင်းနဲ့ပတ်သက်ခဲ့တဲ့ အကြောင်းအရာတွေ ပြောပြလိုက်သေးတယ်မဟုတ်လား။ သူပြန်လာရင် ဘာတွေထူးလာဦးမလဲ မသိဘူးလေ။ ခုလောလောဆယ် အခြေအနေစောင့်ကြည့်ထားပြီး သူပြန်လာမှ အာလုံးတိုင်ပင်ပြီး လှုပ်ရှားကြတာပေါ့ ''





လို့ ရွှေရတီ့ကို နှစ်သိမ့်စကား ဆိုလိုက်ပါတော့။





နောက်နေ့မနက် ရယ်ဒီကျော်ပြန်ရောက်လာပြီး အိမ်မကြီးထဲ တန်းဝင်လာတယ်။ တနေ့ညက အိမ်မက်ဆိုးတွေ မက်လို့ မနေ့က တစ်နေကုန် ဘုန်းကြီးကျောင်းသွားနေပြီး ညလည်း အဲ့ဒီမှာပဲ အိပ်ဖြစ်တယ်လို့ ဆိုလေရဲ့။ အခုလည်း . . .အိမ်လေးမှာ တစ်ကိုယ်တည်းမအိပ်ဝံ့တာကြောင့် ညအိပ်ဖို့ရာ အိမ်မကြီးမှာ သူ့ကတွက်တစ်ခန်းပေးပါလို့ မျက်နှာငယ်ကလေးနဲ့ တောင်းပန်နေတော့တာ။





သူမအပေါ်မှာ ရယ်ဒီကျော် ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရှိထားတော့ မဇွန်သူဝင်းက ရယ်ဒီကျော်ရဲ့တောင်းဆိုမှုကို လုံးဝ လိုက်လျောချင်ချင်ပုံမပေါ်ဘူး။ မျက်စိမျက်နှာတွေအရမ်းပျက်ပြီး





'' ဒီမှာနေရတာကြောက်ရင် မှော်ဘီခြံ သွားနေ ''





လို့ မောင်းထုတ်တော့တယ်။ အဲ့လိုလည်းမောင်းထုတ်ကော ရယ်ဒီကျော်က . .ဒီမှာတောင်မနေရဲတာ မှော်ဘီခြံဆိုရင်တော့ ပိုလို့သာဆိုးဖို့ရှိကြောင်း . . တကယ်တမ်းအရေးကြုံ လာတော့ သူငယ်ချင်းတွေ ဖန်တွေက ဘာမှ အားကိုးလို့မရကြောင်း . . အိပ်မက်ထဲမှာ တွေ့ကြုံ ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သူ့သူငယ်ချင်းတွေကိုပြောပြတော့ အရူးဆိုပြီး သူ့ကို လှောင်ပြောင်လွှတ်လိုက်ကြောင်း . . စသဖြင့် ငိုတို့ယိုတော့မလို ပြောဆိုပြီး သူ့ကိုနေခွင့်ပေးဖို့ မဇွန်သူဝင်းကို အထပ်ထပ်အခါခါတောင်းဆို တော့တာပဲ။





မဇွန်သူဝင်းက ထပ်ငြင်းဖို့ဟန်ပြင်လိုက်ပေမယ့် . . တစ်ယောက်ကတောင်းဆို တစ်ယောက်ကထပ်ငြင်းရင်း အခြေအနေတွေပိုဆိုးလားပြီး စကားတွေကျွံ လို့ သူမတို့အကြောင်းတွေ ပေါ်ကုန်မှာကို စိုးတာနဲ့ ဝေယံကြားဝင်လိုက်တော့တာပေါ့။ သင်းသင်းနဲ့ ဝင်းဝင်းကလည်း ဘေးမှာ ရှိနေတယ် မဟုတ်လား။ တော်ကြာ အားလုံးသိကုန်ကြရင် မကောင်းဘူးလေ။





'' ပေးအိပ်လိုက်ပါ မဇွန်သူဝင်းရယ် . . .။ အခန်းတွေလည်း ပိုနေတာပဲ။ ကိုယ့်အမျိုးအရင်း အချင်းချင်းတွေကို။ ကဲ ကဲ . . စိတ်ချတော့ ကိုရယ်ဒီရေ . . သင်းသင်းကို ခဗျားနေဖို့အခန်း ပြင်ခိုင်းပေးထားမယ်။ ညနေ အခန်းပြင်ပြီးမှ ခင်ဗျားရဲ့ ပစ္စည်းပစ္စတွေ သယ်လာခဲ့ပေါ့။ ခုကော . . အိမ်မှာ တစ်ယောက်တည်းနေရဲလား ''





'' နေ့အချိန်တော့ နေရဲပါတယ်ကွာ။ ညအချိန် အိပ်ရင်သာ အဲ့ဒီအိပ်မက်တွေ ထပ်မက်မှာ စိုးတာ ''





'' ဟုတ်ပါပြီ။ ဒီဘက်အိမ်ကိုသာ ပြောင်းလာခဲ့တော့ . . ။ ခဗျားရဲ့အိမ်လေးမှာက ဘုရားခန်းတွေဘာတွေလည်း မရှိဘူးမဟုတ်လား။ ဒီမှာတော့ ဘုရားခန်းနဲ့ ပရိတ်ရည်တွေဘာတွေလည်းပက်ထားတော့ ခဗျား အိပ်မက်ဆိုး မက်တော့မှာမဟုတ်ပါဘူး။ ကဲ . . သွား သွားး နားချေတော့ ''





အထက်ပါအတိုင်း ဝေယံက ရေပက်မဝင်အောင်ပြောဆိုပြီး ရယ်ဒီကျော့်ကို နှင်ထုတ်လိုက်တော့တယ်။ ရယ်ဒီကျော်လည်း ဇွန်သူဝင်း စိတ်ပြောင်းသွားမှာကို စိုးရိမ်ဟန်နဲ့ သူ့အိမ်ဘက်ကို ခပ်မြန်မြန် သုတ်ခြေတင်သွားတော့တာပေါ့။





ရယ်ဒီကျော်လည်း ထွက်သွားကော ဇွန်သူဝင်းက သင်းသင်းနဲ့ဝင်းဝင်းကို လုပ်စရာရှိတာသွားလုပ်ချေ လို့ နောက်ဖေးကို ပထုတ်လိုက်ပြီး ဝေယံ့ကို ရန်တွေ့ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် . . .





'' ရှင်ဘာသိလို့ ဒီကောင့်ကို ခွင့်ပြု လိုက်ရတာလည်း။ ရှင် ဒီကောင့်အကြောင်း ဘယ်လောက်သိလို့လဲ . . .''





ဆိုတဲ့ စကားနှစ်ခွန်းကလွဲရင် သူမရဲ့ရန်တွေ့မှုက ရှေ့ကို ဆက်တက်မလာနိုင်ရှာဘူး။ မျက်နှာမှာသာ အရမ်းကို ကျိတ်မနိုင်ခဲမရ ဖြစ်နေတဲ့ပုံ ပေါ်နေပြီး အသားတွေလည်း တဆတ်ဆတ်တုန်နေတော့တာ။ မဇွန်သူဝင်းရဲ့ ခံစားချက်ကို ဝေယံနားလည်ပါတယ်။ ကိုယ်ချင်းလည်း စာမိတယ်။ ဒါကြောင့် သူမရဲ့ ပုခုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး



'' စိတ်အေးအေးထားပါ မဇွန်သူဝင်းရယ်။ တတ်နိုင်မျှ စိတ်ကို လျော့ထား။ အာရာရာကို ကျွ န်တော်တာဝန်ယူပါတယ်။ ရှေ့ဆက်ပြီး ဒီကောင် အစ်မကို ဒုက္ခပေးဖို့မပြောနဲ့ စေ့စေ့တောင် မကြည့်ရဲစေရတော့ပါဘူး ''




လို့ ကတိပေးကာ မိမိအခန်းဆီသို့ လှည့်ထွက်ခဲ့ပါတော့တယ်။



'' ကိုဝေယံ . . ရှင် . . ရှင် . . ဘာ . . ဘာတွေ သိ ထား လဲ . . .''



မဇွန်သူဝင်း လှမ်းမေးလိုက်တဲ့အသံကို ကြားပေမယ့် ဝေယံ အဖြေပြန်မပေးဖြစ်တော့။






အခန်းထဲရောက်တော့ ရွှေရတီက ဝေယံကို လက်မလေးထောင်ပြပြီး





'' တွေ့တယ်မဟုတ်လား ကျွန်မခြောက်လိုက်တာ ဒီသေနာ အတော်ကို ကြောက်သွားတာ ''





လို့ ဂုဏ်ယူစွာ ဆီးပြောလေရဲ့။ ဝေယံလည်း သူမကို တစ်ချက်ပြန်ပြုံးပြလိုက်ပြီး





'' ဟုတ်တယ်ကွ။ ဒီကောင် အရမ်းကိုကြောက်နေတာ။ ဒါပေမယ့် သိပ်ယုံလို့တော့မရသေးဘူး။ ဒီကောင်က သတ္တိနည်းသလောက် မာယာများတယ်။ မင်း အိပ်မက်ပေးတုန်းကလည်း ကြောက်ကြောက်နဲ့ ဇွတ်ပေငြင်းနေတာ ဖြစ်နိုင်တယ် ''





လို့ တွေးတွေးဆနဲ့ ပြန်ပြောလိုက်လေတယ်။





'' ဟုတ်တယ်ရှင့်။ အိပ်မက်ပေးတဲ့ ညတုန်းကလည်း သူက အရမ်းကြောက်ပြီး ကျွန်မကိစ္စကိုသူမလုပ်ခဲ့ကြောင်း သေတော့မလို တွင်တွင်ငြင်းနေတာနဲ့ ကျွန်မလည်း ကြေနပ်ခဲ့ရတာ။ ပြန်စဉ်စားကြည့်တော့ . . လူယုတ်မာဆိုတာ သူယုတ်မာခဲ့တာကိုတော့ ဘယ်လွယ်လွယ်နဲ့ ဝန်ခံလိမ့်မလဲ။ ဝန်ခံခဲ့ရင်လည်း အဲ့ဒီနေရာတင် သူအသတ်ခံရမှာလေ။ သူ့လို သောက်ကျင့်မကောင်းပုံနဲဆိုရင်တော့ တရားခံဟာ သူလည်းဖြစ်သွားနိုင်တာပဲ။ ''





'' အင်းး ဒါကြောင့် သူဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ချင်လို့ သူ့ကို ဟပေးတဲ့အနေနဲ့ အိမ်ထဲခေါ်ထားဖို့ ကျုပ်စီစဉ်လိုက်တာ။ သူသာ ဒီမှာ လာအိပ်ရင် သူ့ကို ကျုပ်တို့ အနီးကပ်လေ့လာနိုင်ပြီလေ။ သေခြာတာတစ်ခုကတော့ . . မဇွန်သူဝင်းရဲ့အနားကို မကပ်ဖို့ အိပ်မက်ထဲမှာ မင်း သူ့ကို ခြောက်ခဲ့လို့ လောလောဆယ် မဇွန်သူဝင်းကို သူ ဒုက္ခပေးရဲမှာတော့ မဟုတ်သေးဘူး။





ဒါနဲ့ မင်းရဲ့ ခြောက်တဲ့ လှန့်တဲ့နည်းက ဆိုးတော့မဆိုးဘူးပဲ။ မင်း. . . ဟိန်းသူကိုလည်း သွာလှန့်ကြည့်သင့်တယ်။ ''





ဝေယံ ရွှေရတီ့ကို အကြံပေးလိုက်တော့ သူမက ခေါင်းလေးကုတ်ပြီး အောက်ပါအတိုင်း ဝေယံ့ကို ရှင်းပြရှာတယ်။





'' ခက်တယ်ရှင့်။ တကယ်ဆို ကျွန်မလည်း သွားလှန့်ချင်နေတယ်။ ဒါပေမယ့် ကျွန်မ လူ့ဘဝကိုပြန်လာတဲ့ရည်ရွယ်ချက်ကကို ကိုစိုင်းတံခွန်နဲ့ ပတ်သက်ပြီး ကျွန်မမှာရှိနေတဲ့ သံသယတွေ ပျောက်ပျ က်သွားအောင်လို့ ပြန်လာရတာလေ။ ဒါကြောင့် သူ့အိမ် သူ့ခြံ သူကား စတဲ့ သူနဲ့ပတ်သက်တဲ့ နေရာတွေကလွဲရင် ကျန်တဲ့နေရာတွေ သွားဖို့က အဆင်သိပ်မပြေဘူး။





ဆိုင်ရာ ဆိုင်ရာတွေက ခွင့်မပြုချင်ဘူးရယ်။ ခု သူအိမ်မှာ မရှိဘူး . . သူ့နောက်ကို လိုက်သွားမယ် ဆိုတာမျိုးကိုတော့ ခွင့်ပြုကြတယ်။ ပြောရရင် ကျွန်မရဲ့ အသွားအလာ အနေအထိုင်အားလုံး သူနဲ့ တနည်းမဟုတ် တနည်း ဆက်စပ်မှုရှိနေရမယ့် သဘောပေါ့။ အမှန်တော့ ကျွန်မကို ကျူးလွန်ခဲ့တဲ့တရားခံ သူမဟုတ်ဘူး ဆိုတာသိရပြီးကတည်းက ကျွန်မရဲ့တာဝန်က ပြီးဆုံးသွားပြီလေ။ ရှင့်အကူအညီယူပြီး တရားခံရှာတာက ကျွန်မဘာသာကျွန်မ အပိုအနေနဲ့ လုပ်တဲ့ အလုပ်တစ်ခုပေါ့ ''


ရွှေရတီရှင်းပြတာကြောင့် ဝေယံလည်း သူမရဲ့လုပ်ပိုင်ခွင့်အတိုင်းအတာကို အထိုက်အလျှောက် သဘောပေါက်သွားပြီး





'' အင်းးလေ . . .ဘာပဲဖြစ်ဖြစ် ယုတ်မာခံရပြီဆိုကတည်းက ကိုယ့်ကို ယုတ်မာခဲ့တဲ့ တရားခံ ဘယ်သူလည်း ဆိုတာ လူတိုင်းသိချင်ကြမှာပဲပေါ့။ ခင်ဗျားကို ကျုပ် ရေဆုံးမြေဆုံးအထိ ကူညီပါ့မယ်။ ခု ဟိန်းသူကို ခဗျား ခြောက်လို့မရဘူးဆိုတော့လည်း သူ့ကို ကိုင်တွယ်ဖို့ ကျုပ်တို့ တစ်နည်းထပ်စဉ်စားကြတာပေါ့။ ပြီးတော့ ကိုယ်စိုင်းတံခွန်လည်း ပြန်လာတော့မှာပဲ။ သူရောက်တော့မှ သူနဲ့တိုင်ပင်ပြီး အခြေအနေကြည့် လှုပ်ရှားကြမယ် ''





လို့ ပြန်လည်ပြောကြားလိုက်ပါတော့တယ်။





ဆက်ရန်





အမြင့်ကြောက်သော ငှက်